အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် ဗဟို အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူ ဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြစ်စေရေး၊ တက်ကြွ ရွှင်လန်းစွာဖြင့် မိမိတို့ တာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးကို ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ ပြုလုပ်သွားရန် မှာကြားခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီး များမှ ဦးဆောင်၍ နေပြည်တော်ရှိ အခြေခံပညာကျောင်း(၁၀)ကျောင်းတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ အကူအညီဖြင့် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် ခေါင်းအုံးရိုက်၊ သံပုံးရိုက်၊ ဂုန်နီအိတ်စွပ်ပြေး၊ ခြေပူးပြေး စသည့်ပြိုင်ပွဲများ ကျင်းပပေးသွားစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(ကျား/မ)၊ တုပ်ဆီးထိုး၊ အပြေး မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀)ပြိုင်ပွဲများ ကို ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို ဆောင်ရွက်လျက်ရှိရာ လမ်းလျှောက်ပွဲများအပြီးတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ပျော်ပျော်ပါးပါး စုပေါင်း ပါဝင်ဆင်နွှဲ၍ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးလျက်ရှိပါကြောင်း၊ လမ်းလျှောက်ခြင်းသည် လူတစ်ဦးချင်းအတွက် အကောင်းဆုံးဆေးတစ်လက်ဖြစ်သည်ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ထားကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်မှု များစွာရှိသည့်အနက် အလွယ်ကူ၊ အရိုးရှင်းဆုံးဖြစ်သည့် လမ်းလျှောက်ခြင်းကို နေ့စဉ်ပုံမှန်ဆောင်ရွက် ပေးပါက များစွာအကျိုးရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်၍ ပြည်သူအများပါဝင်သည့် လူထုလမ်းလျှောက်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ လူထုအားကစားလှုပ်ရှားမှုများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပါဝင်ဆင်နွှဲမည့် ဝန်ကြီးဌာနအသီးသီးကိုလည်း ယခင်နှစ်များကဲ့သို့ T-Shirt များ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်၍ ဝန်ကြီးဌာနများအလိုက် လူထုလမ်းလျှောက်ပွဲသို့ အင်ပြည့်အားပြည့် ပူးပေါင်းပါဝင် ဆင်နွှဲပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၏ လုပ်ငန်းတာဝန် များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ပြည်ထောင်စုဝန်ကြီးဌာနများ စုဖွဲ့၍ တာဝန်ခွဲဝေ ဆောင်ရွက်မှုများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထား ရှိမှုများ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလစုပေါင်းလမ်းလျှောက်ပွဲ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကျင်းပမည့် နေ့ရက်များ၊ လမ်းကြောင်းများ၊ ယာဉ်ဝင်/ထွက်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။

အစီအစဉ်အရ အစည်းအဝေးတက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ၂၀၂၆ ခုနှစ် (၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်း လမ်းလျှောက်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ ပြီး‌နောက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး ဆိုသည့် အမျိုးသားရေးတာဝန်များသည် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရနိုင်သဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပူးပေါင်းပါဝင်လှုပ်ရှား‌ပေးသွားရန်လိုကြောင်း၊ ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်းရှိ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများ၊ VIP ဧည့်ခန်းမအား ပြန်လည်ပြုပြင်ပြီးစီးမှုများ၊ အထူးတန်းပွဲကြည့်စင် မှန်များ ပြန်လည်တပ်ဆင်နေမှုအခြေအနေများ၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်းရှိ နံရံများ၊ ပြတင်းပေါက်များ ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ ဘောလုံးကွင်း Synthetic ပြေးလမ်း ပြုပြင်နေမှုအခြေအနေများ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ကွန်ကရစ်ကြမ်းခင်းနှင့် VIP ဧည့်ခန်းမ ပြန်လည်ပြုပြင်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး ဦးစားပေး ဂရုစိုက်ဆောင်ရွက်ရန် နှင့် အဆောက်အဦများ ရေရှည်တည်တံ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးစေရေးအတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ အားကစားသမားများ၏ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက် လေ့ကျင့်နေမှုများ၊ ကွင်းသွင်းခြင်းခတ်အားကစား သမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။