![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဩဂုတ် ၃
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးသန်းမောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ဇင်၊ ဒေါက်တာမောင်သင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖူဆယ်နှင့်သဲသောင်ပြင် ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ အထူး ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်နှင့် အညီ ဝန်ကြီးဌာနအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေရေး၊ မြန်မာ့ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး၊ ဖူဆယ်အားကစားနည်း ပိုမိုထွန်းကားပြန့်ပွားလာစေရေးအပြင် “One Team , One Goal” ဆိုသည့် ဖူဆယ်အားကစားနည်း၏ ဆောင်ပုဒ်အတိုင်း “ပြိုင်ပွဲကွင်းအတွင်း အားကစားသမားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကို စုစည်းပြီး အနိုင်ရရှိရေးနှင့် အသင်းအောင်နိုင်ရေးဆိုသည့် တူညီသည့်ပန်းတိုင် တစ်ခုတည်းဆီသို့ အားလုံးလက်တွဲပြီး တစ်ပြိုင်တည်း တွန်းအားပေးတက်လှမ်းခြင်းဖြင့် စိတ်တူကိုယ်တူ ညှိနှိုင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်” ဆိုသည့် သဘောကို ဖော်ဆောင်နိုင်စေရေးနှင့် လူငယ်များ ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးတို့အတွက် ရည်ရွယ်ပြီး ယခုပြိုင်ပွဲ ကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားနည်းကို ၁၉၉၈ ခုနှစ်မှ ပထမဆုံးအကြိမ်အဖြစ် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်ပေးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနဖလား ဖူဆယ်ပြိုင်ပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာဘောလုံးအားကစားကွင်းတွင် စတင်ကျင်းပခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ်၊ မြန်မာ့လက်ရွေးစင် (အမျိုးသား) ဖူဆယ်အသင်းသည် ပထမအကြိမ် နိုင်ငံတကာပြိုင်ပွဲအနေဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် AFF Futsal Championship နိုင်ငံတကာဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြေးတံဆိပ် (၁)ခု ရရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် AFF Futsal Championship ပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ ၂၀၁၇ ခုနှစ်၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် AFF Futsal Championship တွင် ကြေးတံဆိပ်(၁)ခုနှင့် ၂၀၁၈ ခုနှစ်၊ အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် AFF Futsal Club Championship ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု၊
၂၀၂၅ ခုနှစ် AFF Futsal Club Championship U-16 ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု ဆွတ်ခူး ရရှိခဲ့ပါကြောင်း၊ အလားတူ မြန်မာ့လက်ရွေးစင်(အမျိုးသမီး)ဖူဆယ်အသင်းသည် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားအသင်းက ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီးအသင်းက ကြေးတံဆိပ်(၁)ခုကို ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပြည်တွင်းအားကစားပြိုင်ပွဲများကိုလည်း ကလပ်အသင်းများနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ် ပေးနိုင်ခဲ့ကြောင်း၊ ယနေ့ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ထူးချွန်ထက်မြက် သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ထားပါကြောင်း၊ ပြိုင်ပွဲ၏ ရည်မှန်းချက်မြင့်မားလာစေရန်၊ ပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အနှစ်သာရများ မပျောက်ပျက်စေရန် တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖူဆယ် အားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အချိန်တွင် ယနေ့ကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲသည် သာမန်အားကစား ပြိုင်ပွဲ တစ်ရပ်မဟုတ်ဘဲ နိုင်ငံ့လက်ရွေးစင်များ ပေါ်ထွက်စေရေးအတွက် ရည်ရွယ်ကျင်းပပေးသည့် ပြိုင်ပွဲအဖြစ်မှတ်ယူပြီး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေ ဖြင့် အားကစားစိတ်ဓါတ် အပြည့်အဝနှင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း၊ ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ တရားမျှတပြီး မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန်နှင့် ယခုပြိုင်ပွဲမှ တဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် ဖူဆယ်အားကစား သမားကောင်းများဖြစ်လာအောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီး နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပြိုင်ပွဲတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့် အ.ထ.က(၆) ဇမ္ဗူသီရိမြို့နယ်မှ ဘင်ခရာအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းကို ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများသည် ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဖူဆယ်(အမျိုးသား)အုပ်စုပတ်လည်ပွဲစဉ်တွင် ပညာရေးဝန်ကြီးဌာနအသင်းနှင့် သာသနာရေးဝန်ကြီး ဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ပြိုင်ပွဲကာလ ၁၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အသင်း ၂၅ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အင်အား ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။





