အားကစားရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး၊ ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၉

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ အားကစား ဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းအမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂) ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သာသနာရေး ဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိ ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အတိုးတက်ဆုံး အားကစားသမားဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁) မောင်ဘုန်းသစ်ဟန် အား ငွေသားဆု ကျပ် ၃ သိန်းကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်ကလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၆) မောင်ဇော်မင်းခန့်အား ငွေသားဆု ကျပ် ၃ သိန်းကို အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူကလည်းကောင်း၊ အမျိုးသား (၄)ယောက် တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ကျောနံပါတ် (၃) မောင်ဇင်မင်းဦးအား ငွေသားဆု ကျပ် ၃ သိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က လည်းကောင်း၊ အတိုးတက်ဆုံးအသင်းဆုရရှိသည့် သာသနာရေးဝန်ကြီးဌာနအသင်းအား ငွေသားဆု ကျပ် ၅ သိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်ကလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းအား Tropy နှင့် ငွေသားဆု ကျပ် ၆ သိန်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့် သာသနာရေးဝန်ကြီးဌာနအသင်းအား Tropy နှင့် ငွေသားဆု ကျပ် ၆ သိန်းကို အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်ကလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ် ၁၀ သိန်းကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းကလည်းကောင်း၊ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ် ၁၀ သိန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးကလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ် များနှင့် ငွေသားဆု ကျပ် သိန်း ၂၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လည်းကောင်း၊ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ် သိန်း ၂၀ ကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်သိန်း ၃၀ ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က လည်းကောင်း၊ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်သိန်း ၃၀ ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကလည်း ကောင်း၊ အမျိုးသား (၃)ယောက်တွဲ ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ စုစုပေါင်း ရွှေတံဆိပ် (၂)ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းအား တံခွန်စိုက်ဆုဖလားကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကလည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိလာစေရေး၊ ပြည်သူလူထုအတွင်း ပိုက်ကျော်ခြင်းအားကစားနည်းကို တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်ပြန့်ပွား လာစေရေး၊ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး တို့အတွက် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲ ကာလ(၇)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း ၂၇ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။