အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန် ၁၆

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိလာစေရေး၊ ဝန်ထမ်းများကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် လုပ်ငန်းခွင်အတွင်း ပျော်ရွင်စေရေးနှင့် မြန်မာ့အားကစားကဏ္ဍတိုးတက်မြင့်မားလာစေ ရေးတို့အတွက် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ပူးပေါင်း၍ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ဘောလုံး၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးနှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)စသည့် အားကစားနည်း (၇)နည်းအား ပြိုင်ပွဲအမျိုးအစားအလိုက် အသီးသီး ကျင်ပ ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းပိုင်းများ၊ ပြိုင်ပွဲယှဉ်ပြိုင်ရေးပိုင်းဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးပေးသွားရန်လိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲတွင်ကျင်းပပေးမည့် အားကစားနည်းများ၊ ပြိုင်ပွဲကာလ၊ ပြိုင်ပွဲကျင်းပမည့် အားကစားကွင်း/အားကစားရုံများ၊ ပြိုင်ပွဲတွင်ချီးမြှင့်ပေးမည့် ဆုတံဆိပ်များနှင့်ဆုကြေးငွေများအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲဖြစ်၍ စည်းကမ်းတကျရှိပြီး ပြိုင်ပွဲယှဉ်ပြိုင်မှု ပြင်းထန်စေလိုသည့်အတွက် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ရန်၊ ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို လက်ခံနာယူပြီး ရိုင်းစိုင်းစွာပြုမူပြောဆိုခြင်းများကို မပြုလုပ်မိစေရန်အတွက် ပြိုင်ပွဲတွင်အဆုံးအဖြတ်ပေးနိုင်ပြီး စိစစ်ကြပ်မတ် အုပ်ချုပ်နိုင်မည့်သူများကို တာဝန်ပေးအပ်သွားစေလိုကြောင်း၊ ပြိုင်ပွဲအနိုင်/အရှုံးအား ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများအနေဖြင့် သမာသမတ်ရှိစွာဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက် ပေးနိုင်ရေးအတွက် အဖွဲ့ချုပ်မှတာဝန်ရှိသူများကို မှာကြားထားပြီးဖြစ်ပါကြောင်း၊ အားကစားသမား များဖြစ်သည့်အတွက် အားကစားသမားနှင့်လျော်ညီသောပုံစံ၊ ဝတ်စားဆင်ယင်မှုရှိရန်နှင့် ပြိုင်ပွဲ ကျင်းပရေးမှထုတ်ပြန်သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြရန် ကြိုတင်အသိပေးမှာကြားထားစေလိုကြောင်း ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန များမှ တာဝန်ရှိသူများက ဝန်ကြီးဌာနများအလိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း များနှင့် ပြိုင်ပွဲအမျိုးအစားများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စုဖွဲ့လေ့ကျင့်ပြင်ဆင်နေမှု များနှင့်စပ်လျဉ်း၍ အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း၊ ပြိုင်ပွဲအမျိုးအစား၊ အားကစားသမားအင်အားစာရင်းများနှင့် ကျင်းပမည့်အားကစားနည်းများတွင် အင်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မိမိတို့သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များထံ ပြန်လည် တင်ပြပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ပေးသွားစေလိုကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များအရ နိုင်ငံ၏အနာဂတ်အတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို အခြေခံ အဆင့်ကစပြီး မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးနှင့်တန်းတူ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများဖြစ်လာစေရန် ပဓာနကျပါကြောင်း၊ ကျန်းမာရေးနှင့် ဆက်စပ်နေသည့် အားကစားကဏ္ဍ မြှင့်တင်ရေးကိုလည်း အလေးထားမှာကြားလိုကြောင်း၊ အားကစားကဏ္ဍ မြင့်မား လာစေရေးနှင့် ပတ်သက်၍ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုများ တိုးတက်လာစေရေး အတွက် ပညာသင်ကြားသည့်အရွယ်တွင် အခြေခံပညာကျောင်းများ၌ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားဆောင်ရွက်မှုများကို စနစ်တကျ လုပ်ဆောင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံပညာကျောင်း များတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်အတွက် နေရာများရှိရန်လိုကြောင်း၊ အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကိုလည်း Pilot Project တစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်” ဆိုသည့် စကားနှင့်အညီ နိုင်ငံတကာမှာ အားကစားကို အားပေးပြီး နိုင်ငံဂုဏ်ကို မြှင့်တင်နေကြတာဖြစ်သလို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက် ပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အားကစားသည် နိုင်ငံတော်၏ ဂုဏ်၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းကို ဖော်ပြနေခြင်းဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရေး၊ မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော် အတွက် အောင်မြင်မှုဆုတံဆိပ်များရယူပေးခြင်းဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်စေရေးတို့အတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်၍ ယခုပြိုင်ပွဲအားကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူ များ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။