![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ ဩဂုတ် ၁၃
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်လွင်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မိမိတို့ ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသအတွင်းရှိ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ဝင်စား လာပြီး မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးအတွက် ရပ်ကွက်၊ကျေးရွာများမှစ၍ မြို့နယ် ပေါင်းစုံအားကစားပြိုင်ပွဲများ၊ ခရိုင်ပေါင်းစုံပြိုင်ပွဲများကိုလည်း နှစ်စဉ်အားကစားပြက္ခဒိန်ရေးဆွဲပြီး စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲမှာ မိမိတို့၏အစွမ်းအစအရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းအောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် သန့်ရှင်းစွာပါဝင်ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ရိုးရာလက်ဝှေ့အားကစားသမားများ တွေ့ဆုံယှဉ်ပြိုင်စေခြင်းဖြင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မျိုးဆက်သစ်လူငယ် ရိုးရာလက်ဝှေ့ အားကစားသမားများပေါ်ထွက်လာပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် ရိုးရာလက်ဝှေ့ အားကစားသမားကောင်းများ ရရှိစေရေး တို့အတွက် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ရိုးရာလက်ဝှေ့အားကစားနည်းသည် ဇွဲ၊ သတ္တိ ကိုအခြေခံပြီး ကိုယ်စိတ်နှစ်ပါးကြံ့ခိုင်မှု ၊ ခံနိုင်ရည်ရှိမှုနှင့် နည်းစနစ်မှန်ကန်မှုတို့ကို အဓိကထားပေါင်းစပ် ယှဉ်ပြိုင်သည့်အားကစားနည်းဖြစ်သည့်အတွက် တက်ကြွရဲရင့်ပြီး စိတ်ဓာတ်အပြည့်အဝရှိကာ တိုက်ရည် ခိုက်ရည်ကို မြတ်နိုးခုံမင်ကြသည့် မြန်မာလူငယ်များနှင့် အလွန်လိုက်ဖက်ညီပါကြောင်း၊ ကိုယ်အလေးချိန် တန်းတူညီသူတစ်ဦးချင်းသာ ယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်သောကြောင့် တစ်ဦးချင်း အနေဖြင့် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများမှာ တိုင်းပြည်နှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပြီးမြန်မာတို့ရဲ့ဇာတိသွေး၊ ဇာတိမာန်ကိုပြသနိုင်သည့် အားကစားနည်းဖြစ်ပါကြောင်း၊ အာရှအားကစားပြိုင်ပွဲ နှင့်အရှေ့တောင် အာရှအားကစားပြိုင်ပွဲများမှာ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားသမားများသည် အဆင့်အတန်းမြင့်မြင့် သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များစွာကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့် အောင်မြင်မှုအစဉ်အလာကောင်းခဲ့သော အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုထက်ပိုမို တိုးတက်မြင့်မားပြီး အောင်မြင်မှုများ ရရှိလာအောင် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူ များကလည်း ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယနေ့ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျလေးစား လိုက်နာ၍ အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံးပါဝင်ယှဉ်ပြိုင်ပြီး ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း များအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ မြန်မာ့လက်ရွေးစင်အသင်းကြီးကို အင်အားဖြည့်တင်းပေးနိုင်မည့် မျိုးဆက်သစ် လူငယ်ရိုးရာလက်ဝှေ့ အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန်တိုက်တွန်းမှာကြားခဲ့ပြီး ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုခဲ့ကြ ပြီးနောက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင် ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန မှတာဝန်ရှိသူများက အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် အ.ထ.က(၃)မင်္ဂလာတောင်ညွန့် မှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ဂုဏ်ပြုချီးမြှင့်ငွေကျပ်၁၀ သိန်းကိုပေးအပ်ခဲ့ပြီးနောက် “၂၀၂၆ ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ” ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၁/၅၄/ ၅၇/၆၀)ကီလို လူသစ်တန်းပြိုင်ပွဲများနှင့် အမျိုးသား(၅၄/၅၇)ကီလို(ဂအဆင့်) ပြိုင်ပွဲများ ယှဉ်ပြိုင်ကစား နေမှုတို့အားကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံတွင် ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၃)သင်း ၊ အမျိုးသမီးအသင်း (၈)သင်းနှင့် ပြိုင်ပွဲဝင် စုစုပေါင်းကစားသမားအင်အား (၃၀၁)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရိုးရာလက်ဝှေ့အားကစား ဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။




