၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၁၄ ။
၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအပေါ်ထပ် အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ဦးစွာ ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် တည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လစ်ဟာမှုများ၊ လွဲချော်မှုများမရှိစေရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးအတွက် အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်းခိုနေထိုင်ရေးတွင် တပြေးညီဖြစ်စေရေး၊ လုံခြုံရေး အဖွဲ့များအတွက် နေရာထိုင်ခင်းများ စနစ်တကျရှိစေရေး၊ စားသောက်ရေးတွင် ကျန်းမာရေးနှင့်အညီ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးနိုင်ရေး၊ ရာသီဥတုအခြေအနေအရ လိုအပ်သည့်အိပ်ယာထိုင်ခင်းများ လုံလောက်စွာဖြင့် ပြည့်ပြည့်စုံစုံ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရန် အကြီးအကဲများမှ လမ်းညွှန်မှာကြားထားသည့်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူ များက ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီ၏ အဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီးနောက် ယဉ်ကျေးမှု အဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။




