အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ဆိုင်းဘုတ်တင်အခမ်းအနား၊ စုပေါင်းလမ်းလျှောက်ပွဲ ဆောင်ရွက်မည့် လမ်းကြောင်းအခြေအနေနှင့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပမည့် အားကစားကွင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

နေ ပြည်တော်၊ နိုဝင်ဘာ ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း မိန်းဂိတ်ဝ ညာဘက်ခြမ်းတွင် ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် လမ်းလျှောက်ခြင်းသည် လူတစ်ဦးချင်းစီအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်၍ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်မှု များစွာရှိသည့်အနက် အလွယ်ကူ၊ အရိုးရှင်းဆုံးဖြစ်သည့် လမ်းလျှောက်ခြင်းကို နေ့စဉ်ပုံမှန် ဆောင်ရွက် ပေးပါက လူသားတိုင်းအတွက် များစွာအကျိုးရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒီဇင်ဘာလကို လူထု အားကစားလအဖြစ် သတ်မှတ်ထားပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူအများပါဝင်သည့် လူထု လမ်းလျှောက်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စုပေါင်း လမ်းလျှောက်ခြင်းများအပြီးတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအဖြစ် အကြောလျှော့ခြင်းနှင့် Fitness Dance များကို ပျော်ပျော်ပါးပါး စုပေါင်းပါဝင်ဆင်နွှဲသွားမည်ဖြစ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် လစ်ဟင်းမှုများ မရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့၊ ၁၃ ရက်နေ့၊ ၂၀ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ဒီဇင်ဘာလူထုလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆိုင်းဘုတ်တင်အခမ်းအနား အား အောင်သပြေခတ်များဖြင့် အမွှေးနံ့သာရည်များ ဦးဆောင်ပက်ဖျန်းခဲ့ပြီး ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်း၍ ဆိုင်းဘုတ်တင် အခမ်းအနားအား ဆောင်ရွက်ခဲ့ပြီးနောက် စုပေါင်းလမ်းလျှောက်ပွဲဆောင်ရွက်မည့် လမ်းကြောင်း အခြေအနေများနှင့် ပတ်လမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူ ဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြစ်စေရေး၊ တက်ကြွ ရွှင်လန်းစွာဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများအဖြစ် လွန်ဆွဲ(ကျား/မ)၊ တုပ်ဆီးထိုး၊ အပြေး မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀)ပြိုင်ပွဲများကို ကျင်းပမည့် လေ့ကျင့်ရေးကွင်းအမှတ်(၁/၂/၃/၄)တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစား ပြိုင်ပွဲများအလိုက် လိုအပ်သည့် ကွင်းစည်းဆွဲခြင်းများ၊ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ စည်းကမ်းတကျ လာရောက်အားပေးနိုင်ရေးတို့အတွက် နေရာထိုင်ခင်းများ ကြိုတင်စီစဉ်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကွင်း သန့်ရှင်းသပ်ရပ်ပြီး သာယာလှပစေရေးအတွက် မြက်ဖြတ်ခြင်းလုပ်ငန်းများကို အဓိက ဦးစားပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။