၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအား ကြည့်ရှုအားပေး၍ မြင်းစီးအဖွဲ့ချုပ်နှင့်ပန်ကြပ်ဆီလပ်အဖွဲ့တို့အား တွေ့ဆုံ
ရန်ကုန်၊ ဇွန်လ(၂၈)ရက်
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီစတင်ဖွဲ့စည်းသည့် ဇွန်လ(၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟု သတ်မှတ်၍ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင်ရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဦးဆောင်မှုဖြင့် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇွန်လ(၂၃)ရက်နေ့၏ ရှေ့တစ်ပတ်အကြိုနှင့် နောက်တစ်ပတ်အတွင်း ကျင်းပလျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်တွင် ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း၌ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူတို့သည် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ကနူး/ကယက်လှေ၊ အပြည်ပြည်ဆိုင်ရာလှေနှင့် ရိုးရာလှေလှော်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအတွက် အင်းအားဖြည့်စားစရိတ်ကို နိုင်ငံတော်က ထပ်ဆောင်းတိုးမြှင့် ချီးမြှင့်ခဲ့ကြောင်း၊ ပြိုင်ပွဲ၌ အောင်မြင်မှုများရရှိစေရေးအတွက် အဖွဲ့ချုပ်မှ ပြင်ဆင်ဆောင်ရွက်ထားမှုများအား လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ အားကစားအောင်မြင်မှု ဆုတံဆိပ်များရရှိအောင်နှင့် မျိုးဆက်သစ်အားကစားသမား များပေါ်ထွက်လာအောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ(၂)နှင့် တာဝန်ရှိသူတို့က အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ၊ မြင်းစီးကွင်း၏လက်ရှိ မြေပြင်အခြေအနေများ၊ မြင်းသက်မွေးပြုလုပ်ငန်းဆိုင်ရာများ၊ မျိုးဆက်သစ်မြင်းစီးအားကစားသမားများ ပေါ်ထွက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ ဆောင်ရွက်နေမှုတို့အား အသီးသီးရှင်းလင်း တင်ပြပြီးနောက် ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံပန်ကြပ်ဆီလပ်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးရဲမြင့်နှင့် တာဝန်ရှိသူများ ၊ အင်ဒိုနီးရှားနိုင်ငံမှ ပန်ကြပ်ဆီလပ်နည်းပြ (၂)ဦးတို့နှင့်တွေ့ဆုံပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပန်ကြပ်ဆီလပ် အားကစားနည်း အောင်မြင်မှု ဆုတံဆိပ်များရရှိစေရေးအတွက် နည်းပြများမှ လေ့ကျင့်သင်ကြားပေးရေး ၊ လူရွေးချယ်ရေး၊ အားကစားအထောက်အကူပြုပစ္စည်းလုံလောက်မှု ရှိစေရေး၊ Joint Training သွားရောက်လေ့ကျင့်နိုင်ရေးတို့အား ဆွေးနွေးပြောကြားပြီးနောက် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။





