အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ အောက်တိုဘာလ (၁)ရက်

၂၀၂၅ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁၂ : ၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိ သူများ ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အုပ်ချုပ်သူ/ နည်းပြများ ၊ ဒိုင်လူကြီးများ နှင့် အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် အေရိုးဗစ်အားကစားသမားများအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာ လာစေရေး ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)မျိုးဆက်သစ် အားကစား သမားများပေါ်ထွက်လာစေရေးနှင့် အေရိုးဗစ်အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစား စေခြင်းဖြင့် အေရိုးဗစ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့အတွက် ဖြစ်ပါ ကြောင်း၊ အေရိုးဗစ်အားကစားနည်းနှင့်အတူ Fitness Dance ကစားခြင်းကို နိုင်ငံအနှံ့အပြားတွင် နေ့စဉ်ကစားလာသည်ကို တွေ့ရှိရသည့်အတွက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် ယခုပြိုင်ပွဲကို လာရောက် သူအားလုံးက ဝိုင်းဝန်ကြိုးပမ်းသွားကြစေလိုကြောင်း၊ ဒီပြိုင်ပွဲမှတဆင့် နိုင်ငံတော်က အားထားရ မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး ၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာ စေရေး၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း “အေရိုးဗစ်’’ ပြိုင်ပွဲကို လူထုအားကစားလုပ်ငန်းများတွင် ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ၊ အားကစားလှုပ်ရှားမှုများတွင် စုပေါင်းလှုပ်ရှားသော အလေ့အကျင့် ကောင်းများ ရရှိလာစေရေး ၊ ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာ စေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း “အေရိုးဗစ်’’ အားကစားနည်းသည် အားကစားနည်းအားလုံးရဲ့ အခြေခံအားကစားနည်းဘဲဖြစ် ပါကြောင်း၊ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ အထောက်အကူပြုပစ္စည်းကိရိယာမလိုဘဲ လူရဲ့ခန္ဓာ ကိုယ်သာလှုပ်ရှားရတဲ့ကစားနည်းဖြစ်ကြောင်း၊ ဂီတသံစဉ်စည်းချက်နှင့်အညီ လှုပ်ရှား ကစားနိုင်ပြီး လူခန္ဓာကိုယ်တစ်ခုလုံးရဲ့ အစိတ်အပိုင်းအကြောအဆစ်များ ပျော့ပြောင်းစေတဲ့အပြင် သွေးလည်ပတ်မှုနှင့် အသက်ရှူမှုကို ပိုမိုကောင်းမွန်အောင်မြှင့်တင်အားပေးသည့် သွေးပူ လေ့ကျင့်ခန်းဖြစ်သည့်အတွက် လူတိုင်းနေ့စဉ်မပျက်မကွက် ကစားသင့်တဲ့ အားကစားနည်းဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်ဖြစ်သည့် “အမျိုးသမီးထု ကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းမည်’’ ဆိုတဲ့အတိုင်း နိုင်ငံတကာအားကစားပြိုင်ပွဲများမှာ နိုင်ငံတော်ရဲ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်မည့် အားကစားသမားလူရည်ချွန်များ စဉ်ဆက်မပျက် ပေါ်ထွက်နိုင်ရေးကို အထောက်အကူပြု အားပေးကူညီဆောင်ရွက်ပေးလျှက် ရှိကြောင်း၊ ပြိုင်ပွဲတွင် အကဲဖြတ်ပေးကြမည့် ဒိုင်လူကြီးများကလည်း သတ်မှတ်ထားသည့် ဥပဒေ ၊ စည်းမျဉ်/ စည်းကမ်း များနှင့်အညီ ဥပဒေဘောင်အတွင်းမှ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အားကစားသမားများကလည်း ဒိုင်လူကြီးများရဲ့အဆုံးအဖြတ်ကို ကျေကျေနပ်နပ် လက်ခံလိုက်နာ သွားကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဌာန် (၄)ချက် ရွတ်ဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်( ၆ )သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ယနေ့ ယှဉ်ပြိုင်သည့် ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။