အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် လူငယ်ဖိုရမ် အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ်လ(၁၃)ရက်။

“လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် လူငယ်ဖိုရမ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းလူငယ်များ၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်းလူငယ်များ၊ ကြက်ခြေနီနှင့် ကင်းထောက်လူငယ်များ၊ စေတနာ့ဝန်ထမ်း လူငယ်များ၊နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ၊ အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ လူငယ်များနှင့် နယ်ပယ်ပေါင်းစုံများ လူငယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများက အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ဖိုရမ် ကျင်းပရသည့် ရည်ရွယ်ချက်မှာ “လူငယ်စွမ်းအား ပြည့်အင်အားဖြင့် ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ လူငယ်များ မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များ တိုးပွားလာပြီး အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကအင်အားစုများအဖြစ် ပါဝင်လာနိုင်စေရန်၊ မိမိနိုင်ငံနှင့် ယဉ်ကျေးမှုအပေါ် တန်ဖိုးထား ချစ်မြတ်နိုးစိတ်များ တိုးပွား လာပြီး နိုင်ငံသားကောင်းတစ်ယောက်၏ အခွင့်အရေးနှင့် တာဝန်များကို ပိုမိုနားလည်လာစေရန်၊ မတူညီသည့် ဒေသအသီးသီးက လူငယ်များတွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှုတည်ဆောက်ပေးနိုင်စေရန်၊ လူငယ်များ၏ တန်ဖိုးရှိသည့် စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနိုင်ရန် နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာ ပူးပေါင်းပါဝင် လာခြင်းအားဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ပေးနိုင်ရန် ဖြစ်ကြောင်း။

လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို Agenda 2030 အလွန် ၂၀၄၀ ပြည့်နှစ်အထိ မျှော်တွေးကာ ဆွေးနွေးဖော်ထုတ်သွားမည် ဖြစ်သည့်အတွက် Panel session သုံးခုအပေါ် အခြေပြု ညှိနှိုင်းအဖြေရှာ၍ ရေရှည်ရေတို လုပ်ငန်းအစီ အမံများ ချမှတ်နိုင်အောင် သက်ဆိုင်ရာကဏ္ဍများအလိုက် တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးကြကာ သက်ရွယ်စုံညီပါဝင်သည့် လူမှုစီးပွားဘဝသာယာဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပုံဖော်နိုင်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အခမ်းအနား၊ လူငယ်ဖိုရမ်၊ လူငယ် လေ့လာရေးခရီးစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းများအတွက် အလှူငွေလှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ လူငယ်ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “ ရောင်စုံဥယျာဉ်” တေးသီချင်းဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့က “မမေ့နိုင်တဲ့မြေ” တေးသီချင်း နှင့် တွဲဖက်၍ ရိုးရာအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စား လှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး Digital Transformation and innovation ဗီဒီယိုကိုပြသပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမော်တော်ယာဉ်နည်းပညာသုတေသနဌာနမှသုတေသနအရာရှိ ဒေါက်တာ စိုးထက်ဝေ၊ ATOM Myanmar မှ Senior Vice Present ကိုလွင်ထူးကို၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်သဉ္ဇာမေဖူးဝေနှင့် နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ်မှ IT Specialist ကိုဥက္ကာမောင်တို့က“ဒဏ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ပြောင်းလဲဆန်းစစ်ခြင်းကဏ္ဍ” ခေါင်းစဉ်ဖြင့် မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ် တီထွင်မှုများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် နယ်ပယ် ကဏ္ဍစုံတွင် ထိရောက်စွာအသုံးချလျက်ရှိသည့် အဓိကသော့ ချက်တစ်ခုဖြစ်ပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်အချိုးကျလျက်ရှိခြင်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာလူငယ်များအနေဖြင့် လာမည့်ဆယ်စုနှစ်များတွင် မိမိနိုင်ငံအတွက်ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်မည့် ကိစ္စရပ်များကိုဖော်ထုတ်ရာတွင် အဓိကကျပြီးလူငယ်များ၏ နေ့စဉ်လူမှုဘဝဖြတ်သန်းမှုများ တွင် ပုံစံအမျိုးမျိုးဖြင့် ဆက်စပ်နေသောကဏ္ဍများနှင့်စပ်လျဉ်း၍လည်းကောင်း၊ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်၏ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် ဉာဏ်ရည်တု AI နှင့် ပတ်သက်သည့် သိမှတ်ဖွယ် ဗဟုသုတများ၊ ဆောင်ရန်ရှောင်ရန် ကိစ္စရပ်များ၊ လုပ်ဆောင်နိုင်စွမ်းနယ်ပယ်များနှင့် စိန်ခေါ်မှုများ၊ ကျော်လွှားနိုင်မည့်နည်းလမ်းများ၊ နည်းပညာတိုးတက်လာမှုနှင့် ပတ်သက်၍ ဆိုးကျိုးနှင့် ကောင်းကျိုးများ၊ Data အချက် အလက်များ၏ လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ လူငယ်များဘဝကိုတိုးတက် ပြောင်းလဲ စေရန် အသုံးချနိုင်မည့် နည်းပညာစွမ်းအားများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေ့စဉ်လုပ်ငန်း ခွင်တွင် AI နည်းပညာအသုံးဝင်မှုနှင့်ရင်ဆိုင်ရမည့်စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံကျေးလက်နေ လူငယ်များ၏ လူနေမှုဘဝများတိုးတက်ကောင်းမွန်စေရန်နှင့် ပတ်သက်သည့်နည်းပညာများ နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက် Socio-Culturl Development မှတ်တမ်းဗီဒီယိုကိုပြသပြီး နိုင်ငံတကာ ခေါင်းဆောင်မှုတက္ကသိုလ်မှ ဆရာမဒေါ်စုလဲ့လဲ့နိုင်၊ နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ် ဥက္ကဋ္ဌဒေါ်မေဖူးပွင့်စိုး၊ ကျန်းမာရေးဝန်ကြီးဌာနကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာချမ်းငြိမ်းစုနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာမိုးတို့က“လူမှု-ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ ကောင်းမွန်သောပညာရေးနှင့် ကျန်းမာရေးစနစ်တို့ဖြင့် အခြေခံ တည်ဆောက်ပြီးမျက်မှောကခေတ်အခြေအနေတွင် နည်းပညာဆိုင်ရာတိုးတက်ကောင်းမွန် ပြောင်းလဲလာမှုများနှင့်အတူ စိတ်ပိုင်းဆိုင်ရာများနှင့် ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေးစပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတော်၏အနာဂတ်ခေါင်းဆောင်များဖြစ်သော လူငယ်များအတွက် နိုင်ငံသားကျင့်ဝတ်များ၊ ခေါင်းဆောင်မှုဆိုင်ရာအရည်အသွေးများနှင့်စပ် လျဉ်း၍လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံခိုင်ရေးများနှင့်ပတ်သက် သော အလေ့အကျင့်ကောင်းများကို မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်သင့်သည်များ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ၂၁ ရာစုတွင် လူငယ်များအတွက် ကျွမ်းကျင်မှုများဖြစ်သော Digital Literacy, Communication Skills, Critical Thinking ,Global and Cultural Awareness, Financial Literacy စသည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များအနေဖြင့် မဖြစ်မနေတတ် ကျွမ်းသင့် သည့် (hardskill&Softskill) အသိပညာ၊ အတတ်ပညာများ၊ မြန်မာနိုင်ငံ၏ လူမှု-ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကိုအတူတကွဖော်ဆောင်နိုင်ရန် နည်းလမ်းများ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာ ရေးနှင့် စိတ်ပိုင်းဆိုင်ရာထိလွယ်ရှလွယ် ဖြစ်ပေါ်ခြင်းကိုကာကွယ်တားဆီးနိုင်ရန် နည်းလမ်း များနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူငယ်များအနေဖြင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ရေးကို မြှင့်တင့်ရန်အတွက်အထောက်အပံ့များ၊ ၂၁ရာစုကာလတွင် အတတ်ပညာများနှင့်ပတ်သက်၍ ဘဝအတွက်အထောက်အကူပြုနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး ကြသည်။

ယင်းနောက် Economic Growth and Employment ဗီဒီယိုကိုပြသပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးဒေါက်တာမော်မော်ထွန်း၊ မြန်မာလူငယ်ဖွံ့ ဖြိုးတိုးတက်ရေးအသင်း (MYDA) ဘဏ္ဍာရေးမှူးဒေါ်ကြည်စင်ရွှေ၊ အစိုးရစက်မှုလက်မှု သိပ္ပံနေပြည်တော်မှ တတိယနှစ်ကျောင်းသူမနှင်းဆီရွှေစင်နှင့်I CAKE U Bakery (နေပြည်တော်) မှ ဒေါ်ချိုနေခြည်နွေးတို့က“စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့် အလမ်းကဏ္ဍ”ခေါင်းစဉ်ဖြင့် စီးပွားရေးတိုးတက်အောင်တည်ဆောက်ခြင်းသည် နိုင်ငံ တည်ဆောက်ခြင်း (State Building)အတွက် အရေးပါသောအချက်အလက်တစ်ခုဖြစ်သော ကြောင့် အဆိုပါနယ်ပယ်တွင် လူငယ်များပါဝင်နိုင်မှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းအသုံးပြု၍ ဆောင်ရွက်နိုင်သည့်စီးပွားရေးဆိုင်ကိစ္စရပ်များ၊ လုပ်ငန်း ခွင်သင်တန်းများမှတစ်ဆင့်ပို၍ကောင်းမွန်သောအလုပ်အကိုင်အခွင့်အလမ်းများကိုချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အနာဂတ်တွင် အောင်မြင် တိုးတက်ရေးအတွက် အဓိကလက်တွေ့ကျသောနယ်ပယ်များတွင် မိမိဘဝခရီးကို စွန့်ဦး တီထွင်လုပ်ငန်းရှင်တစ်ယောက်အဖြစ် လေ့ကျင့်ပျိုးထောင်ဖြတ်သန်းနိုင်မည့် အကြောင်း အရာများ၊ လက်ရှိတိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့်အညီဒစ်ဂျစ်တယ်နည်းပညာဖြင့် အလုပ်အကိုင် ရှာဖွေရေးနည်းလမ်းများ၊ အွန်လိုင်းပေါ်မှ ဝင်ငွေရှာဖွေမှုနှင့်မိမိ၏ ငွေကြေး များလည်းဆုံးရှုံးနိုင်ခြေရှိမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ TVET မှ တစ်ဆင့် အသက်မွေး ဝမ်းကျောင်းအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် စီးပွားရေးကဏ္ဍများ၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်း များနှင့် စပ်လျဉ်း၍ လည်းကောင်းဆွေးနွေးကြသည်။

ယင်းနောက် ဌာနဆိုင်ရာအကြီးအကဲများကလူငယ်ဖိုရမ်၌ သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသူများကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းပြ ဒေါ်မိုးသီတာ ဦးဆောင်၍ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များက Zumba အကဖြင့် အတူတကွ ကပြကြသည်။

ထို့နောက် လူငယ်ဖိုရမ်သို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များက အုပ်စု ၉ ခုခွဲ၍ The Power of Technology to Transform Your Life, The Truth about AI, Steps Youth Need to Take to Access the Digital World, Youth: The Future Leaders of the Nation, Master Your Mind, Master Your Body, The Skill Youth Need to Succeed in the 21 st Century, Today Trending: Monetizing Your Digital Brand, Get a Better Job with TVET နှင့် Master Your Life through Enterpreneurshipစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီးအုပ်စုအဖွဲ့များမှ ခေါင်းဆောင်များကဆွေးနွေးပွဲရလဒ်များ ကိုဖတ်ကြားတင်ပြရာရလဒ်များအပေါ် တာဝန်ရှိသူများက အနှစ်ချုပ်ပြန်လည်ဆွေးနွေးခဲ့ကြ သည်။

လူငယ်ဖိုရမ်သို့ တက်ရောက်လာကြသည့် လူငယ်များအသိပညာဗဟုသုတများတိုး ပွားကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် လူငယ်ဆိုင်ရာ သတင်းအချက်အလက်များ၊ မိတ်ဖက်အဖွဲ့အစည်းများ ၏ ထုတ်ကုန်များနှင့် အထိမ်းအမှတ်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ လူငယ်ဖွံ့ဖြိုးတိုးတက် ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများပြသခြင်း၊ စစ်တမ်းကောက်များ ကောက်ယူခြင်း၊ ဉာဏ်စမ်းမေးခွန်းများမေးမြန်းခြင်း၊ ဆုလက်ဆောင်များပေးအပ်ခြင်းနှင့် စုပေါင်းဂိမ်း ကစားခြင်း စသည့် အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

လူငယ်ဖိုရမ်မှ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေး၍ ထွက်ပေါ်လာသည့် ရလဒ်များ၊ အကြံပြု ချက်များကိုစုစည်းကာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ၊ လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲဆောင်ရွက်နိုင်ရေး မူဝါဒဆိုင်ရာ အကြံပြုချက်များအဖြစ် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီသို့ ဆက်လက်တင်ပြ သွားမည်ဖြစ်သည်။

ကဏ္ဍအလိုက် ဆွေးနွေးမှုများအပြီးတွင် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ် ဖိုရမ်သို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်းလူငယ် များကိုယ်စား လူငယ်ကိုယ်စားလှယ်တစ်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာလူငယ်ဖိုရမ်ကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။