အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ကွာတားဖိုင်နယ်ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၃၀)။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။

ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဒီဇင်ဘာ(၃၁)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။