အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။

ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသည်။

ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို(၆)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၅)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၁၁)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို(၁၄)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဒီဇင်ဘာ(၂၉)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာလူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။