၂၀၂၄ ခုနှစ်၊ အမျိုးသား တံခွန်စိုက် ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ(၁၃)။
ဂျူဒိုအားကစားသမားများအချင်းချင်းချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ်ဂျူဒို အားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး တို့အတွက်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အမျိုးသား တံခွန်စိုက် ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
၂၀၂၄ ခုနှစ်၊ အမျိုးသား တံခွန်စိုက် ဂျူဒိုပြိုင်ပွဲတွင် (အမျိုးသား/အမျိုးသမီး) (Kata)ပြိုင်ပွဲနှင့် ဝိတ်တန်းအလိုက်အတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


