အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၄)။

မြန်မာ့ဘော်လီဘောအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်များ စိတ်ဓါတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေ ရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသည့် “ ၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။

ဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာ ကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားကဏ္ဍကို တွန်းအားပေးဆောင်ရွက် ရမည်“ ဟု လမ်းညွှန်ပြောကြားထားပါကြောင်း၊ မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှုအားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနိုင်ရေး အခြေခံ ကျကျစီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာတို့၏ ရိုးရာအားကစားနည်းအဆင့် အတန်းမြင့်မားလာစေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး အတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် အားကစားပြိုင်ပွဲများမှတစ်ဆင့် အရည်အချင်းရှိပြီး အလားအလာရှိသည့် မျိုးဆက်သစ်အားကစား သမားများကို စိစစ်ရွေးချယ်ဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးကြရမည်ဖြစ်ကြောင်း၊ နေပြည်တော် အတွင်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးခြင်းဖြင့် မိမိတို့နေပြည်တော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများစွာ ပေါ်ထွက်လာမည်ဟုယုံကြည်ပါကြောင်း၊ ဘော်လီဘောအားကစားနည်းသည် တစ်ဦးချင်းကျွမ်းကျင်မှု၊ လျှင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုအပြင် အပေးအယူညီညီ၊ စည်းစည်းလုံးလုံးဖြင့် နားလည်မှု ရှိရှိ ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် မိမိတို့အသင်းအနိုင်ရရှိစေရန် အနိုင်မခံအရှုံးမပေးဘဲ အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန် လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားကောင်းများဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်သွားကြရန်ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မြန်မာ ဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18နှင့်U-25 ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးလိုက်သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆို ကြသည်။

ဆက်လက်ပြီး နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး အသက် (၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဂုဏ်မင်းအင်း အသင်းနှင့် ပျဉ်းမနားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

၂၀၂၄ ခုနှစ်၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 နှင့် U-25 ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ” ကို ဇန်နဝါရီ(၁၄)ရက်မှ (၂၀)ရက်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသက်(၁၈)နှစ်အောက် ပြိုင်ပွဲဝင် အသင်း(၇)သင်းနှင့် အသက်(၂၅)နှစ်အောက် ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း(၁၉)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။