အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ်လ(၁၆)ရက်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ် ရွာတော်ဘူတာရှေ့ သံလွင်လမ်းမကြီး လမ်းဘေးဝဲ/ယာ၊ ကားလမ်းမကြီးနှင့် ရထားသံလမ်းကြားတွင် နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများကချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့ သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဘေးကွင်းအမှတ် ၁၆၁၉ ကွင်းရှိ ယာယီရှင်းလင်းဆောင်တွင် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများကို နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ပြီး ကြို့ပင်ရေမြှင့်ရေထိန်းရေတံခါးအား ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အမျိုးသားပရဆေးဥယျာဉ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုဆေးကုသပေးခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အမျိုးသားပရဆေးဥယျာဉ်အတွင်း မြန်မာ့တိုင်းရင်းဆေးအတွက် အသုံးပြုမည့် ဆေးဖက်ဝင်ပရဆေးပင်များ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ကျင်းပသည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင့်ထွဋ်တင် က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ရွှေခြင်းလုံးအသင်းနှင့် SCL Sport Mediaအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မတ် ၁၆ ရက်မှ ၂၂ ရက်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားသုံးယောက်တွဲပြိုင်ပွဲဝင်အသင်း ၁၃ သင်း၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲဝင် အသင်း(၁၃)သင်းနှင့် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲဝင် အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းသိရသည်။