အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုကဲ့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးရခြင်းသည် ထူးချွန်ထက်မြက်သည့် သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်းတစ်ခုဖြစ်သကဲ့သို့ ယခုပြိုင်ပွဲမှတစ်ဆင့် သွေးသစ်လူငယ် ဘောလုံးသမားများကို ဖော်ထုတ်ရွေးချယ်လေ့ကျင့်ပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲ၏ဦးတည်ရည်မှန်းချက်နှင့် အနှစ်သာရများကို အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

တရားမျှတမှန်ကန်စွာဆုံးဖြတ်

ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန် လိုအပ်ပါကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ အားကစား သမားလူငယ်အပေါင်းတို့အနေဖြင့် ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် ဖူဆယ်ဘောလုံးအားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြားရင်း ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

ကြည့်ရှုအားပေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို လေးဂိုး – သုံးဂိုးဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကယားပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ချင်းပြည်နယ် အသင်းကို ခုနစ်ဂိုး – တစ်ဂိုးဖြင့်လည်း ကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ငါးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည်။

ဆက်လက်ယှဉ်ပြိုင်ကစားမည်

ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ (အမျိုးသမီး) အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အခမဲ့လာရောက်ကြည့်ရှုနိုင်

ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက ဖူဆယ်အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကား ပြန့်ပွားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစားနည်း ပိုမိုပြန့်ပွားလာစေရေး၊ လူငယ်ထုအတွင်း ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ဩဂုတ် ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အမျိုးသား ၁၅ သင်း၊ အမျိုးသမီး ၁၄ သင်း စုစုပေါင်း ၅၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကာ အားကစားကိုစိတ်ပါ ဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။