၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများတည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစားပွဲတော်ကာလအတွင်း လျှပ်စစ်မီးများ မပြတ်တောက်စေရေးအတွက် အရန်မီးစက်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) Cluster-4 ရှိ ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားအား ခမ်းခမ်းနားနားဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အခမ်းအနားပြင်ဆင်ရာတွင် လစ်ဟင်းမှုများ၊ လိုအပ်ချက်များမရှိစေရေးအတွက် တာဝန်ရှိသူများမှ သေသေ ချာချာ ဂရုတစိုက် စစ်ဆေးကြပ်မတ်သွားရန်လိုကြောင်း၊ နိုင်ငံတော်အလံနှင့် အမျိုးသားအားကစားပွဲတော်အလံ လွှင့်တင် မည့်အလံစင် ခိုင်ခံ့မှုရှိစေရေးဆောင်ရွက်သွားရန်၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းများအား ခိုင်ခံ့မှုရှိစေရေးနှင့် စနစ်တကျ သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်သွားရန်၊ အားကစားပွဲတော်ကာလအတွင်း ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များအား သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။




