အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၆ ။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ၂၃ နည်းမှ အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက် အားကစားနည်း ၁၀ နည်းနှင့်ပတ်သက်၍ ပြိုင်ပွဲ ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေးအတွက် အုပ်စုမဲနှိုက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် ၁၀ နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရေးစသည့် ဦးတည်ချက် ၅ ချက်ဖြင့် ယခု အမျိုးသားအားကစားပွဲတော်အား ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်းအားကစားနည်း ၄ နည်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင် ကစားရာတွင် တရားမျှတမှုရှိစေရေး၊ ပြိုင်ပွဲဝင် အသင်းများအနေဖြင့် တည်းခိုနေထိုင်၊ သွားလာ၊ စားသောက်မှုနှင့် လေ့ကျင့်မှုများတွင် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေး နိုင်ရေးနှင့် တရားမျှတစွာ ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိစေရေးတို့အတွက် ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီ များကိုစနစ်တကျဖွဲ့စည်းပြီး လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပြီးနောက် အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက် အားကစားနည်း ၁၀ နည်းတို့၏ အုပ်စုမဲနှိုက်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲ ကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။