အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၂)ရက်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအပေါ်ထပ်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီများကို ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပထမအကြိမ်ကျင်းပပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် အားကစားနည်းများအလိုက် စည်းမျဉ်း/စည်းကမ်းများဆိုင်ရာကိစ္စရပ်များ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးဖြစ်၍ ယခုအစည်းအဝေးသည် ပါဝင်ယှဉ်ပြိုင်မည့်အားကစားနည်းများ၊ ပြောင်းလဲပြင်ဆင်ရေးဆွဲမည့် စည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေများကို အသေးစိတ်ဆွေးနွေးတင်ပြအတည်ပြုနိုင်ရန်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းအားကစားပြိုင်ပွဲများပါထည့်သွင်းကျင်းပသွားမည်ဖြစ်၍ ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားအင်အားစာရင်းများကို ကြိုတင်ပြင်ဆင်ထားရန် ချိတ်ဆက်ဆောင်ရွက်ထားပြီဖြစ်၍ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒုတိယအကြိမ်ပြုလုပ်မည့်အစည်းအဝေးတွင် အတည်ပြု သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ တွဲဖက် အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဆွေးနွေး တင်ပြရာတွင် ပြိုင်ပွဲတွင် ပြိုင်ဆိုင်မှုနှင့်အနိုင်ရလိုစိတ်ပြင်းထန်လာပါက မှန်မှန်ကန်ကန် တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်ပေးနိုင်မည့် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားရန် အထက်အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များအရ ကန့်ကွက်မှုများ မရှိစေရန် စည်းမျဉ်း/စည်းကမ်းများကို သေသေချာချာ စိစစ်ပြီး ပြန်လည်အတည်ပြုရေးဆွဲနိုင်ရန် ဆွေးနွေးညှိနှိုင်း အကြံပြုတင်ပြပေးသွားရန်လိုကြောင်း၊ အားကစားနည်းအလိုက် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်ပြီး အထက်အကြီးအကဲများက မေးမြန်းလာပါက တာဝန်ရှိသူများက တိတိကျကျ ပြန်လည်ရှင်းပြနိုင်ရေးအတွက် အမှတ်ပေးစည်းမျဉ်း/ စည်းကမ်းများကို ပုံများ/စာများဖြင့် ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမား ရွေးချယ်ခြင်းများနှင့်ပတ်သက်ပြီး သတ်မှတ်ချက်များ၊ ရွေးချယ်ရခြင်းအကြောင်းများကို ခိုင်ခိုင်မာမာ ရှင်းလင်းတင်ပြနိုင်အောင် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားအောင်မြင်စွာဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဘဏ္ဍာရေးပိုင်းတွက်ချက်မှုများ၊ ဘဏ္ဍာငွေ သုံးစွဲမှုပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားမှုများအား အသေးစိတ်ဆွေးနွေးတင်ပြ ခဲ့ပြီးနောက် တက်ရောက်လာကြသူများ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသိရသည်။