အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၉ ။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအား ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပခဲ့ရာ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့သည်။

အစီအစဉ်အရ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို မေလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်ကို နိုင်ငံတော်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်သည့် မူဝါဒများနှင့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဦးစီးကော်မတီအစည်းအဝေးများကိုလည်း (၂)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ဦးစီးကော်မတီဒုတိယအကြိမ်အစည်းအဝေးတွင် ဦးစီးကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဘဏ္ဍာငွေလျာထားတောင်းခံသုံးစွဲရေးနှင့်ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေးအတွက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ၏ ခန့်မှန်းအသုံးစရိတ်တင်ပြချက်များအနက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ကျစရိတ်များကို သင့်လျော်သော ကုန်ကျစရိတ်ဖြစ်စေရေး စိစစ်ပြီးစုစည်းတင်ပြရန်နှင့် အမျိုးသားအားကစားပွဲတော်ကို ပြည်တွင်းအဆင့်နှင့်အညီ ခမ်းခမ်းနားနားဖြစ်စေရေး ကန့်သတ်ချက်များအတွင်းမှ စိစစ်ခြိုးခြံချွေတာဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ယခုအစည်းအဝေးမှ လျာထားသတ်မှတ်သည့် အသုံးစရိတ်ကုန်ကျငွေများကို ဦးစီးကော်မတီနာယကမှတစ်ဆင့် နိုင်ငံတော်အကြီးအကဲထံ တင်ပြဆုံးဖြတ်ချက်ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း အမျိုးသားအားကစားပြိုင်ပွဲကို နိုင်ငံတော်အဆင့်နှင့်အညီလျော်ညီစွာ ပြင်ဆင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် နောက်ဆုံးအတည်ပြု စာရင်းများအရ ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားအင်အားစုစုပေါင်း ခန့်မှန်း ၆၆၇၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မသန်စွမ်း အားကစားနည်း ၄ နည်းကိုပါ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီများအနေနှင့် မိမိတို့ဆပ်ကော်မတီအလိုက် ကုန်ကျနိုင်မည့် လျာထားအသုံးစရိတ် အသေးစိတ်စာရင်းများကို တင်ပြပေးရန် နှင့် ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ပေးရန်လိုကြောင်း၊ ၎င်းအသုံးစရိတ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များကို ဦးစီးကော်မတီနာယကကြီးမှတစ်ဆင့် နိုင်ငံတော်အကြီးအကဲထံ တင်ပြခွင့်ပြုချက်ရယူ၍ လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးတင်ပြရာတွင် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ သတ်မှတ်ခွင့်ပြုငွေပမာပဏအပေါ်မူတည်၍ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အများပြည်သူ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးနိုင်စေရေးအတွက် အခမ်းအနားများတွင် မီးရှူးမီးပန်းပစ်ဖောက်နိုင်ရေးကိစ္စများ၊ အခမ်းအနားပြင်ဆင်ရေးကိစ္စများနှင့် ဖျော်ဖြေရေးကိစ္စများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ဘဏ္ဍာငွေသုံးစွဲရန် လျာထားကုန်ကျစရိတ်များနှင့်စပ်လျဉ်းပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။