အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၉။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်၍ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်ပြီး အချက်အလက်များခိုင်မာပြီး အငြင်းပွားစရာများ မရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အတည်ပြုဆုံးဖြတ်ပေးနိုင်သည့်သူများနှင့် တွေ့ဆုံ၍ ယခု အစည်းအဝေးအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်သည့်အချက်များနှင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြချက်များကို အတည်ပြုဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ယခုအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ထားသည့်အချက်များကို နောက်ပိုင်းတွင် ထပ်မံပြုပြင်ပေးသွားမည်မဟုတ်ကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် အမျိုးသားအားကစားပွဲတော်တွင် တာဝန်ပေးအပ်မည့် ဒိုင်လူကြီးများနှင့် နည်းပြများကို ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ နည်းစနစ်များနှင့်ပတ်သက်ပြီး မွမ်းမံ သင်တန်းများ ဖွင့်လှစ်လိုပါက ဆွေးနွေးတင်ပြပေးရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ သင်တန်းဖွင့်လှစ် မည့် နေ့ရက်နှင့်အချိန်အားသတ်မှတ်၍ တည်းခိုနေထိုင် စားသောက်မှုများကို စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက စည်းမျဉ်း/ စည်းကမ်းများ၊ အမှတ်ပေးစနစ်များ၊ မျိုးဆက်သစ်အားကစားသမား ရွေးချယ်မှုများနှင့် ပတ်သက်ပြီး ရွေးချယ်ရေးမူများ/သတ်မှတ်ချက်များကို အကြီးအကဲများက မေးမြန်းလာခဲ့ပါက အချက်အလက် မှတ်တမ်း/မှတ်ရာများဖြင့် တိတိကျကျ ပြန်လည်ဖြေကြားနိုင်ရန်အတွက် တာဝန်ရှိသူ များက ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ကန့်ကွက်မှုကိစ္စများမဖြစ်စေရေးအတွက် အမှတ်ပေး စည်းမျဉ်း/ စည်းကမ်းများကို အဖွဲ့ချုပ်များအနေဖြင့် ယခုကတည်းက စနစ်တကျပြုစု ဆောင်ရွက်ထားရန် လိုကြောင်း ပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ (အသက်/ အဆင့်) ကန့်သတ်ချက်များ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ တာဝန်ပေးအပ်မည့် ဒိုင်လူကြီးများနှင့် နည်းပြများကို ပြောင်းလဲလာသည့်နည်းစနစ်များ၊ စည်းမျဉ်း/ စည်းကမ်းများကို သိရှိနားလည်စေရန်အတွက် သင်တန်း ပေးမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး အသီးသီး အသေးစိတ်ဆွေးနွေး အကြံပြုတင်ပြခဲ့ရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များကို ဖြည့်စွက် အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီး အားကစားအဖွဲ့ချုပ်များအနေဖြင့် Technical Hand Book ပြုစုနိုင်ရေး အတွက်  ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများနှင့်ပတ်သက်၍ အချက်(၁၅)ချက်ပါ အချက်အလက် ပြည့်ပြည့်စုံစုံအား အမြန်ဆုံးပေးပို့သွားရန်နှင့် မိမိတို့ဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ယှဉ်ပြိုင်မှုများပြင်းထန်လာပါက အငြင်းပွားမှုများရှိလာနိုင်သည့်အတွက် အချက်အလက်များ တိတိကျကျနှင့် ခိုင်မာမှုရှိအောင် ပြုစုဆောင်ရွက်ထားရန်လိုကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပြိုင်ပွဲအား ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်နှင့်  အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြား၍အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။