အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင်ပါဝင်မည့် အင်အား၊ ဝတ်စုံအရောင်၊အစမ်းလေ့ကျင့်ခြင်းတို့နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၄ ။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ချီတက်ပါဝင်မည့်အင်အား၊ ဝတ်စုံအရောင်၊ အစမ်းလေ့ကျင့်ခြင်းတို့နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပသည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးတွင် သိသင့်သိထိုက်သည်များကို တင်ပြပြောကြားသွားမည်ဖြစ်ကြောင်း၊ သိရှိလိုသည်များနှင့် မရှင်းလင်းသည့်ကိစ္စရပ်များရှိပါက မေးမြန်းဆွေးနွေးနိုင်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းစဉ်တွင် ဝန်ကြီးဌာနအလိုက် တက်ရောက်မည့် အင်အားစာရင်း၊ ဝတ်ဆင်မည့် ဝတ်စုံအရောင်များ၊ ချီတက်လမ်းလျှောက်မည့် အစီအစဉ်များ၊ မီးရှူးတိုင် သယ်ဆောင်မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနအသင်းများမှ အားကစားတာဝန်ခံများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အင်အားစာရင်းများ သတ်မှတ်အတည်ပြုပေးပို့နိုင်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ ဝတ်စုံအရောင်များ၊ ဆိုင်းဘုတ်ကိုင်နှင့် ဝန်ကြီးဌာနအလံကိုင်မည့်သူများ၏ ဝတ်စုံကိစ္စရပ်များ၊ ဖွင့်ပွဲ/ပိတ်ပွဲ အစမ်းလေ့ကျင့်မှုအစီအစဉ်များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်ချက်များရှိပါက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကောင်းဆုံးပေါင်းစပ်၍ ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။