အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်သို့ တက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၁)။

၂၀၂၄ ခုနှစ်၊မတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆိုချီမြို့၌ ကျင်းပပြုလုပ်မည့် “၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော် ” (The World Youth Festival 2024)သို့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်မည့် မြန်မာလူငယ်ကိုယ်စားလှယ်များအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော်သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များက တစ်ဦးချင်းဂါရဝပြုမိတ်ဆက်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အသစ်ဖွဲ့စည်းပေးခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရေးတို့အတွက် ပြုစုပျိုးထောင်ပေးလျက်ရှိသလို အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်းများတွင် ဆောင်ရွက်လျက်ရှိသည့် လူငယ်ဆိုင်ရာအစီအစဉ်များတွင်လည်း မြန်မာလူငယ်များ အပြည့်အဝပါဝင်ဆောင်ရွက်နိုင်စေရေးတို့အတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ “၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော် “ (The World Youth Festival 2024)သည် ကမ္ဘာ့အကြီးဆုံး လူငယ်ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် တစ်ဆက်တည်းတွင်ကျင်းပမည့် (၆)ကြိမ်မြောက် အာဆီယံ-ရုရှား လူငယ်တွေ့ဆုံပွဲ (6th ASEAN-Russia Youth Summit)ကိုလည်း ဆက်လက်ပါဝင်တက်ရောက်ရမည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော်သို့ တက်ရောက်ရန် ရွေးချယ်ခံရသည့် လူငယ်ကိုယ်စားလှယ်များအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ စီးပွားရေး၊ ပြန်ကြားရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု၊ လူမှုရေးရာ ဝန်ဆောင်မှုနှင့် အားကစားနယ်ပယ်များမှ လူငယ်များပါဝင်မည့်အပြင် နိုင်ငံတကာလူငယ်အဖွဲ့အစည်း များမှ လူငယ်ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး နိုင်ငံတကာမှ လူငယ်ကိုယ်စားလှယ်များ၊ လူငယ်ခေါင်းဆောင်များနှင့်အတူ အသိပညာ၊ ဗဟုသုတများ၊ အတွေ့အကြုံများ အပြန်အလှန်မျှဝေ၍ ချစ်ကြည်ရင်းနှီးမှုများရရှိအောင် ဆောင်ရွက်ခဲ့ကြရန်နှင့် လူငယ်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ဖော်ဆောင်ပေးနိုင်ရေး၊ ကျရာအခန်းကဏ္ဍတွင် ပိုင်ပိုင်နိုင်နိုင် ပါဝင်ဆွေးနွေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်သွားရန်နှင့် နိုင်ငံအသီးသီးမှ တက်ရောက်ကြမည့် လူငယ်ခေါင်းဆောင်များနှင့်အတူ မိမိတို့ပါဝင်ဆွေးနွေးမည့် ခေါင်းစဉ်အလိုက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ပွဲတော်တက်ရောက်ခြင်းဖြင့် ရရှိလာမည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်အသုံးချပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးသွားရန်နှင့် အခြားနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာရန်နှင့် မိမိနိုင်ငံ၏ဂုဏ်သိက္ခာကျဆင်းစေမည့် အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်ရန် အလေးအနက်ထား မှာကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာလူငယ်ပွဲတော်သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးကလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ (၂)ဦး၊ ပြန်ကြားရေးဝန်ကြီး ဌာနမှ (၂)ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂)ဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ (၁)ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၁)ဦး စုစုပေါင်း လူငယ်ကိုယ်စားလှယ်(၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။