၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ(၃)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)ကြား၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ရမှတ်(၂၆)မှတ်၊ ရမှတ် မရှိဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ရမှတ်(၁၈)မှတ်၊ (၆)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင် ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္တဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ငွေသားဆုကျပ်(၅)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁၅)သိန်းအားလည်းကောင်း၊ ပထမဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၂၀)အားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။




