အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် ခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများနှင့် အားကစားနှင့်ကာယပညာ သိပ္ပံများမှ သင်တန်းသား/သင်တန်းသူများကို ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခုတက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ခြင်းသည် ရည်မှန်းချက် ပန်းတိုင်မဟုတ်သေးဘဲ ဘဝအစ၏ ပထမဆုံးခြေလှမ်းတစ်ခုသာဖြစ်ကြောင်း၊ ပညာရှာသည့်အချိန်တွင် ပညာတစ်ခုတည်းကိုသာ ဆက်လက်ဆည်းပူး လေ့လာသွားရန်နှင့် “အစကောင်းမှ အနှောင်းသေချာ” ဆိုသလို ဘဝအစတက်လမ်းမှ အခြေခံကောင်းမွန်ခိုင်မာစွာဖြင့် ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွား နိုင်ပြီး နိုင်ငံတော်က အားကိုးရသည့် ကိုယ်ကျင့်သိက္ခာ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ “ပညာမြင့်မှ လူမျိုးတင့်မည်၊ ပညာရဲရင့် ပွဲလယ်တင့်မည်” ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်ရေး အတွက် တက္ကသိုလ်ပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ကြားပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာန၏ စေတနာကို သိရှိနားလည်ပြီး ရိုးသား၊ ကြိုးစား၊ စေတနာထား၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်နှင့် မိမိတို့သား/သမီးများကို ပညာထူးချွန်ထက်မြက်ပြီး လူတော်လူကောင်းများဖြစ်အောင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် သွန်သင်ဆုံးမလမ်းညွှန်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး (၆)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးနှင့် (၄)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦးတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့က ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများကို အသီးသီး ပေးအပ်ခဲ့ပြီးနောက် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများကိုယ်စား (၆)ဘာသာ ဂုဏ်ထူးရှင် မဖူးပြည့်ခိုင်က ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းမိဘများနှင့်ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။