အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ(၁၃)ရက်။

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ဒုတိယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး (၄၉)ကီလိုပြိုင်ပွဲတွင် မနော်အယ်ကညောဂျော့(ဧရာဝတီ)က ပထမ၊ မထက်ထက်ထွေး (စစ်ကိုင်း)က ဒုတိယ၊ မမာမာထွေး (မန္တလေး)က တတိယနှင့် အမျိုးသား(၆၁)ကီလိုပြိုင်ပွဲတွင် မောင်မြတ်ကျော်သူ (ဧရာဝတီ)က ပထမ၊ မောင်ဝေလွင်ဖြိုး (မန္တလေး)က ဒုတိယနှင့် မောင်အောင်နိုင်လင်း(ရန်ကုန်)က တတိယ၊ အမျိုးသမီး(၅၅ )ကီလိုပြိုင်ပွဲတွင် မသက်မွန်မြင့် (မကွေး)က ပထမ၊ မအေးစန္ဒာ (စစ်ကိုင်း) က ဒုတိယ၊ မခင်သီတာရွှေ (မကွေး)က တတိယ အသီးသီးရရှိခဲ့ကြပြီး အမျိုးသမီး(၄၉)ကီလိုပြိုင်ပွဲတွင် မနော်အယ်ကညောဂျော့ (ဧရာဝတီ) သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲ အမြန်မ သတ်မှတ်စံချိန် (၆၅)ကီလိုကို (၇၂)ကီလိုဖြင့် လည်းကောင်း၊ နှစ်ဆင့်မ သတ်မှတ်စံချိန် (၈၅)ကီလိုကို (၈၇)ကီလို ဖြင့်လည်းကောင်း၊ စုစုပေါင်း သတ်မှတ်စံချိန် (၁၄၈)ကီလိုကို (၁၅၉)ကီလိုဖြင့်လည်းကောင်း စံချိန်သစ်များတင်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

(၁၄.၉.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၆၇) ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲနှင့် အမျိုးသား(၇၃)ကီလို ပြိုင်ပွဲများအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ မှ (၁၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၃)သင်း၊ အမျိုးသမီးအသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၁၇၂)ဦး ပါဝင်ယှဉ်ပြိုင်လျက်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။