အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ(၁၂)ရက်။

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင်ကျင်းပခဲ့သည်။

ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပထမနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင်(ဧရာဝတီ)က တတိယနှင့် အမျိုးသား(၅၅)ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး)က ပထမ၊ မောင်ပြည့်စုံဦး(ဧရာဝတီ)က ဒုတိယနှင့် မောင်မျိုးမင်းထက်(ဧရာဝတီ)က တတိယ အသီးသီးရရှိခဲ့ကြပြီး မောင်ထက်အာကာဖြိုး(မကွေး)သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲသတ်မှတ်စံချိန် (၉၅)ကီလိုကို (၉၆)ကီလိုဖြင့် အမြန်မစံချိန်သစ် တင်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

(၁၃.၉.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၉)ကီလိုပြိုင်ပွဲ၊ အမျိုးသား(၆၁)ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး(၅၅)ကီလို ပြိုင်ပွဲများအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ မှ (၁၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၃)သင်း၊ အမျိုးသမီးအသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၁၇၂)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။