အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်း အမှတ်(ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ(၁၄)။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ)ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးနှင့် နိုင်ငံတော်၏အနာဂတ်တာဝန်များကို ပုခုံးပြောင်းတာဝန်ယူကြမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေးဆိုသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ယခုနှစ်(ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲကို ယခင်နှစ်များနှင့်မတူဘဲ ဝန်ကြီးဌာနကဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပိုမိုအကျိုးရှိ ထိရောက်စေရေးအတွက် တိုးမြှင့်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ ပြုပြင်ပြောင်းလဲဆောင်ရွက် သင့်သည့် အကြံပြုချက်များပါဝင်အောင် ရေးသားယှဉ်ပြိုင်သွားရန် ဝန်ကြီးဌာနအနေဖြင့် ကြော်ငြာ ထည့်သွင်းဆောင်ရွက်ခဲ့ရာ ပြိုင်ပွဲဝင်များကလည်း ၎င်းတို့၏အတွေ့အကြုံများအပေါ် အကြံပြုချက် အများအပြားနှင့် လိုအပ်မှုများကိုလည်း အမြင်ရှုထောင့်ပေါင်းစုံက အကြံပြုရေးသားယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် စိတ်စေတနာအပြည့်ဖြင့် ပြိုင်ပွဲဝင်စာပေပညာရှင်များ အကြံပြုပေးခဲ့ကြသည့် အကြံပြုချက်များအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် မိမိတို့ဝန်ကြီးဌာနက လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများလည်းပါဝင်ပြီး အချို့သောလုပ်ငန်းများကို ရာနှုန်းပြည့် မဆောင်ရွက်နိုင်သေးသော်လည်း တဖြေးဖြေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုချီးမြှင့်နိုင်ရေးအတွက် အကဲဖြတ်ပေးခဲ့ကြသည့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဓာတ်ပုံပညာရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် ရေဒီယို၊ ရုပ်မြင်သံကြား လိုင်းပေါင်းစုံနှင့် မီဒီယာများတွင် ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ၊ လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူး Programme များ၊ တေးသီချင်းများ၊ ကျန်းမာရေးဆိုင်ရာ ဟောပြောပို့ချ အသိပညာပေးမှုများ၊ အားကစားဆိုင်ရာဝတ္ထုတိုနှင့် ဆောင်းပါးများကို ထုတ်လွှင့်ပြသရေးသားဖော်ပြပေးလျက် ရှိကြောင်း၊ ယခုလို ပညာပေးစည်းရုံးလှုံ့ဆော်မှုများကြောင့် နေ့စဉ်လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းကို လိုက်ပါလုပ်ဆောင်သူပိုမိုများပြားလာပြီး အများပြည်သူ ပိုမိုကျန်းမာ ကြံ့ခိုင် လာကြမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများနှင့် ကျောင်းသား/ကျောင်းသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်မှုများ လွယ်လင့်တကူပြုလုပ်နိုင်စေရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးတွင် Outdoor Fitness Equipment အစုံ ၆၀၀၀ ခန့် တပ်ဆင်ပေးထားနိုင်ခဲ့ပြီး ဘဏ္ဍာရေးနှစ်အလိုက် ထပ်မံတိုးမြှင့်တပ်ဆင်ပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို လူတစ်ဦးချင်းမှသည် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူလူထုအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုများ နေ့စဉ်ဆောင်ရွက်ရန် လိုအပ်ပုံကို ပြည်သူတစ်ရပ်လုံးသိရှိလာစေပြီး အားကစားကိုစိတ်ပါဝင်စားလာအောင် အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ ဆွဲဆောင်စည်းရုံးခြင်း၊ အကြံပြုတင်ပြပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်းများကို ကလောင်စွမ်းများဖြင့် စွမ်းဆောင်ရေးသားပေးခဲ့သည့် ဆုရစာပေပညာရှင်များကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ယခုထက်ပိုမို အကြံပြုစွမ်းဆောင် ရေးသားပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုများရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ)ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဝတ္ထုတိုပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ဒေါ်ခင်မာသန်း(ထွေးမ-ဟင်္သာတ)က ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဇင်မင်းထက်နှင့် ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရစာပေပညာ ရှင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။