အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်(Dragon Boat)ပြိုင်ပွဲမှ ကြေးတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ

ဟန်ကျိုး၊ အောက်တိုဘာလ(၅)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ နဂါးလှေလှော် (Dragon Boat) အမျိုးသား/အမျိုးသမီး (၅၀၀) မီတာ (၁၂)တက်လှော်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲမစတင်မီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှုး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့သည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြာခဲ့သည်။

ဆက်လက်၍ အမျိုးသမီး (၅၀၀)မီတာ (၁၂)တက်လှော် ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယတို့ အသီးသီး ရရှိခဲ့ပြီး မြန်မာ(အမျိုးသမီး)အသင်းသည် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အမျိုးသား (၅၀၀)မီတာ (၁၂)တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၂)သင်းဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်းက တတိယတို့ အသီးသီး ရရှိခဲ့ကြပြီး မြန်မာအသင်းက အဆင့်(၅)နေရာ ရရှိခဲ့သည်။

နံနက်(၉)နာရီအချိန်တွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၃)ယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖိလစ်ပိုင်အသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နံနက်(၁၀)နာရီအချိန်တွင် အမျိုးသမီး (၃)ယောက် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တောင်ကိုရီးယားအသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေ့လယ်(၂)နာရီအချိန်တွင် အမျိုးသား (၃)ယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

(၆.၁၀.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များတွင် မြန်မာနိုင်ငံမှ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား (၃)ယောက်တွဲ အုပ်စုပွဲစဉ်များအဖြစ် ဒေသစံတော်ချိန် နံနက်(၉)နာရီအချိန်တွင် အိန္ဒိယ အသင်းနှင့်လည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် နံနက်(၁၀)နာရီအချိန်တွင် ထိုင်းအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး နံနက် (၉)နာရီအချိန်တွင် နဂါးလှေလှော် (Dragon Boat)အားကစားနည်း အမျိုးသား (၁၀၀၀)မီတာ (၁၂)တက်လှော်ပြိုင်ပွဲနှင့် အမျိုးသမီး (၁၀၀၀)မီတာ (၁၂)တက်လှော်ပြိုင်ပွဲများတွင်လည်း ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။