ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
ဝန်ထမ်းများ ဥပဒေဆိုင်ရာအသိပညာဗဟုသုတများတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် အရာတစ်ခုဖြစ် သည့်အပြင် မိမိတို့နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေ သိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဌာန်းချက်တစ်ရပ်လည်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ညွှန်ကြားချက်အရ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဥပဒေဆိုင်ရာ အသိပညာဗဟုသုတ များတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဥပဒေပညာသည် လေ့လာဆည်းပူး၍ မကုန်နိုင်သော ပညာရပ်တစ်ခုဖြစ်ပြီး မိမိတိုင်းပြည်အတွက် အကျိုးရှိသည့် ပညာရပ်တစ်ခုလည်းဖြစ်ပါ ကြောင်း၊ ဥပဒေသည် သီလတရားနှင့်တူကြောင်း သီလသမာဓိ ကျင့်ကြံပွားများသူသည် ဂုဏ်သိက္ခာ နှင့် ပြည့်စုံသူဖြစ်သည့်အတွက် ဥပဒေစည်းမျဉ်း/စည်းကမ်းများကို လိုက်နာသောသူသည် လူ့အသိုင်းအဝိုင်းတွင် အန္တရာယ်ကင်းကင်းဖြင့် ပျော်ရွှင်စွာနေထိုင်နိုင်မည်ဖြစ်ကြောင်း၊ လူတိုင်း ဥပဒေစည်းမျဉ်း/စည်းကမ်းများနှင့်အညီနေထိုင်ပါက ဘေးအန္တရာယ်ကင်းမည်ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေများအရ အတည်ပြုပြဌာန်းထားသည့် ဥပဒေများကို နိုင်ငံသားတိုင်း လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း၊ ဥပဒေတွင် ပြစ်မှု အသေး/အကြီးအပေါ်မူတည်ပြီး ပုဒ်မများနှင့် ပြစ်မှု/ ပြစ်ဒဏ် များစွာရှိကြောင်း၊ ဥပဒေရေးရာ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်ပြီး ဗဟုသုတရရှိစေရန်အတွက် အတိုချုံး၍ ဆင့်ပွားသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခု သင်တန်းတွင် ဥပဒေအကြောင်းသိကောင်းစရာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာ များ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ဥပဒေမူကြမ်း ရေးဆွဲ ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေစသည့်တို့ကို အသိပညာပေးပြန့်ပွားသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူ အရာထမ်း/အမှုထမ်းများအနေဖြင့် ဥပဒေပညာကို ဆက်လက်ဆည်းပူးလေ့လာသွားရန် တိုက်တွန်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ သင်တန်းနည်းပြ(၅)ဦးတို့က သင်တန်းသား/ သင်တန်းသူ အရာထမ်း/အမှုထမ်း(၅၀)ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
![](https://mosya.gov.mm/wp-content/uploads/2025/02/12.2.2025.1.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/12.2.2025.2.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/12.2.2025.3.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/12.2.2025.4.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/12.2.2025.5.jpg)