![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အားကစားမှူးနေရာများတွင် တာဝန်ပေးခန့်အပ်ခြင်းခံရသည့် ပြန်တမ်းဝင်အရာရှိ ၁၁ ဦးတို့အား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် ၂၈
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး နှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများ၌ လစ်လပ်လျက်ရှိသည့် မြို့နယ်အားကစားမှူး နေရာများတွင် တာဝန်ပေးခန့်အပ်ခြင်းခံရသည့် ပြန်တမ်းဝင်အရာရှိ ၁၁ ဦးတို့အား တွေ့ဆုံအမှာစကား ပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် သတ်မှတ်ထားသည့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ အားကစားရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အောင်မြင်အောင် အားကစားကို Mass Sports လူထုအားကစားအသွင်အဖြစ် ဆောင်ရွက်သွားရန် လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၏ ဦးဆောင်မှုများ နှင့်အတူ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာရှင်များနှင့် ပေါင်းစပ်၍ မိမိတာဝန်ကျရာ ဒေသ၏ မြို့နယ်အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိတ်ပါဝင်စားစွာဖြင့် စေတနာထားပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အချိန်နှင့် တပြေးညီ သတင်းပို့တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပြီး စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်းဖြင့် အားကစားကဏ္ဍ တိုးတက်မြင့်မားအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားရာတွင် ပြန်တမ်းဝင်အရာရှိများ ဖြစ်၍ အရာရှိနှင့်လိုက်လျောညီထွေဖြစ်အောင် ပြုမူပြောဆိုနေထိုင်သွားရန်၊ အားကစားဖွံ့ဖြိုးတိုးတက်မှု တွင် မြို့နယ်များသည် အခြေခံဖြစ်၍ မြို့နယ်အားကစားမှူး တာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် ပင်ကိုယ်ဗီဇကောင်းမွန်သူ၊ အားကစားအရည်အချင်း Talent ရှိသူ၊ အခြေခံနည်းစနစ် ကျွမ်းကျင်သူများကို ဦးစားပေး ရွေးချယ်၍ လေ့ကျင့်ပေးသွားရန်နှင့် နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း
(Youth Camp) တို့တွင် စနစ်တကျ လေ့ကျင့်ပေးနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက တာဝန်ရှိသူများထံ ဆက်သွယ်၍ သတင်းပို့တင်ပြပေးသွားရန်လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ကျောင်းပေါင်းစုံနှင့် မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် သွားရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြန်တမ်းဝင်အရာရှိများက အခက်အခဲများနှင့်လိုအပ်သည်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ယုံကြည်အားကိုး၍ လူမှန်နေရာမှန်ဖြစ်အောင် အကောင်းဆုံးစဉ်းစားဆုံးဖြတ်၍ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် စေတနာအပြည့်အဝထားပြီး ကြိုးစားအားထုတ်၍ တာဝန်ထမ်းဆောင်သွားကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တင်ပြခဲ့မှု များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




