![]()
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၇
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားကွင်း/အားကစားရုံများအား အဆင့်မြှင့်တင်တည်ဆောက်ခြင်းများနှင့် ဘဏ္ဍာနှစ်များအလိုက် ထပ်တိုးတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းတွင် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် လူမှုရေးရာဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)သို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် အရည်အသွေး၊ စံချိန်/စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့များ ဖွဲ့စည်း၍ စနစ်တကျ စစ်ဆေးပြီး မှတ်တမ်းများထားရှိဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်တွင် မျိုးဆက်သစ် ရေကူးအားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှု အားပေးခဲ့ပြီးနောက် မျိုးဆက်သစ်အားကစားသမားများအဆင့်မှ မြန်မာ့လက်ရွေးစင် အားကစားသမား အဆင့်ထိ ရောက်ရှိအောင်ဆက်လက် ကြိုးစားအားထုတ်လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုသိန်းအားကစားကွင်းအတွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားရုံတွင် လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီးနောက် ပုသိမ်ဇုန်တွင် ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံး ပြိုင်ပွဲတွင် အိမ်ရှင်ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အားကစားကွင်း/အားကစားရုံများအားလည်းကောင်း၊ ကျောင်းကုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့အားကစားကဏ္ဍ ပိုမိုမြင့်မားလာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သက်တမ်းကာလကြာမြင့်သည့် အားကစားကွင်း/အားကစားရုံ များအား အဆင့်မြှင့်တင် တည်ဆောက်ပေးနိုင်ရေးနှင့် တည်ဆောက်ထားသည့် အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေးတို့အတွက် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များ၏ အားကစား အဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ အားကစားကွင်း/အားကစားရုံများတွင် အားကစားနှင့် ကင်းကွာသည့်နေ့ရက်များမရှိစေဘဲ အများပြည်သူ ကျန်းမာကြံ့ခိုင်စေရန် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်အောင် အားကစားပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရှာဖွေဖော်ထုတ်သွား ရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။




