အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားပညာဘာသာရပ် B.Sc(Sport)သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ(၅)။

အားကစားပညာဘာသာရပ် B.Sc(Sport)သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာသုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားလောကဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်လာ စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အားကစားပညာအထူးပြုဘာသာရပ် B.Sc(Sport)သင်တန်းများကို ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ယခုအစည်းအဝေးတွင် အားကစားပညာ အထူးပြုဘာသာရပ် B.Sc(Sport)သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေနှင့်ပတ်သက်ပြီး သင်တန်းတက်ရောက်ရန် သင်တန်းသားရွေးချယ်မှုသတ်မှတ်ချက်ဆိုင်ရာကိစ္စရပ်များ၊ ပညာသင်နှစ်အလိုက် သင်ကြားပို့ချခဲ့သည့် အချိန်ဇယားများနှင့် သင်ကြားပေးလျက်ရှိသည့်ဘာသာရပ်ဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေး ဆရာ/ဆရာမများ၏ အမည်စာရင်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပြီး ညှိနှိုင်းဆွေးနွေးတင်ပြပေးရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အားကစားပညာအထူးပြုဘာသာရပ် B.Sc(Sport)သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေ၊ သင်တန်းသား ရွေးချယ်သတ်မှတ်ခဲ့မှုအခြေအနေ၊ အားကစားနည်းဘာသာရပ်များ သင်ကြားပို့ချခဲ့မှုအခြေအနေများနှင့်ပတ်သက်ပြီး အားနည်းချက်/အားသာချက်များ၊ ယခင်ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ သင်ရိုးညွှန်းတမ်းအသစ်များရေးဆွဲပြီး သင်ကြားပို့ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဦးကျော်စိုးမိုး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက (In person)ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် (မန္တလေး)တို့မှ ကျောင်းအုပ်ကြီးများနှင့် B.Sc(Sport)သင်တန်းမှ တာဝန်ရှိသူများက Video Conferencing ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြောင်းသိရသည်။