![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးဉာဏ်ဇော်ဦး၊ ဦးကျော်စိုးမိုးနှင့် အရာထမ်း/ အမှုထမ်းဝန်ထမ်းများ စုပေါင်းပါဝင်ဆင်နွှဲစိုက်ပျိုးခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များအား ဦးဆောင်စိုက်ပျိုး ခဲ့ကြပြီးနောက် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ကံ့ကော်ပင်နှင့် ခရေပင် စုစုပေါင်း အပင်(၃၀၀)တို့ကို “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ ထာဝရ ကုသိုလ်ရဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့” ဆိုသည့် အဆိုအမိန့် စကားရပ်များနှင့်အညီ ပျော်ပျော်ပါးပါး စုပေါင်းပါဝင်ဆင်နွှဲစိုက်ပျိုးခဲ့ ကြရာ ပြည်ထောင်စုဝန်ကြီးက ယခုမိမိတို့ စိုက်ပျိုးကြမည့် အပင်များကို ရှင်သန်အောင် စိုက်ပျိုးရမည့် အပြင် စိုက်ပျိုးပြီးအပင်များကိုလည်း ရှင်သန်ဖြစ်ထွန်း ကြီးထွားစေရေး အတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မှာကြားခဲ့သည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်း နိုင်စေရေး၊ စိမ်းလန်းစိုပြေ၍ ရာသီဥတုမျှတ ကောင်းမွန်စေရေး၊ ရေနှင့် မြေဆီလွှာ ခမ်းခြောက်မှုကို ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားကွင်း/အားကစားရုံများရှိ မြေနေရာလွတ်များတွင် ရတနာတန်းဝင်(ကျွန်း)အပင် များ၊ နှစ်ရှည်အပင်များ၊ အရိပ်ရလေကာပင်များနှင့် သီးပင်စားပင် အမျိုးအစားပေါင်းများစွာကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစုဝင်များက လူထုလှုပ်ရှားမှုအသွင်ဖြင့် ပါဝင်ဆင်နွှဲ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


