အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲဆင်နွှဲ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်နှင့် ဝန်ထမ်းများအချင်းချင်း ရိုင်းပင်းကူညီစိတ်များထားရှိပြီး စည်းလုံးပျော်ရွှင်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအလေ့အထ များရရှိစေရန်အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Center-1 ရှေ့၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဌာနခွဲအလိုက် ပျော်ရွှင်စွာ ထမနဲထိုးနေကြသည့် ဝန်ထမ်းများအား ကြည့်ရှုအားပေးပြီး ၎င်းအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဝန်ထမ်းများအား ထမနဲဘူးများကို ဝေငှပေးခဲ့ကြောင်း သိရသည်။




