အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
ရန်ကုန် ၊ ဇန်နဝါရီလ (၂၇)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ အသက်မွေးဝမ်းကျောင်းပညာတက်ရာက်မည့်လူငယ်များနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ လူငယ်များ ကာယ၊ ဉာဏ ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အနာဂတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများကို ဖြည့်ဆည်းဆောင်ရွက်မှု အနေနဲ့ အတန်းပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိတဲ့ ပုံမှန်ပညာရေးမသင်ယူနိုင်တဲ့ ထိခိုက်လွယ်အုပ်စုမှာ ပါဝင်တဲ့ မိဘမဲ့ ၊ အမိမဲ့ ၊ အဖမဲ့ ဆင်းရဲနွမ်းပါးတဲ့ အသက်(၁၅)နှစ်မှ (၃၅)နှစ်အကြား လူငယ်များကို ကျောင်းပြင်ပ အသက်မွေးဝမ်းကျောင်း ပညာဆက်လက်သင်ယူနိုင်ရန် လူငယ်များဘဝ မြှင့်တင်ဖွံ့ဖြိုး တိုးတက်စေရန် လူငယ်များ ကျွမ်းကျင်မှု အခြေပြု အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန် တို့ကို ရည်ရွယ်ပြီး ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်ရတာဖြစ်ပါကြောင်း ၊ လူငယ်များ လမ်းမှားကိုမရောက်ရှိစေဘဲ မိမိခြေထောက်ပေါ် မိမိရပ်တည်လာနိုင်ကာ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှု မရှိစေရေးကို အထောက်အကူပြုနိုင်မှာဖြစ်သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာနိုင်မှာဖြစ်ပြီး နိုင်ငံတော်က အားကိုးအားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အတွင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်မှု အနေနဲ့ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅)ခုမှ အသက်(၁၅)နှစ်မှ (၃၅)နှစ်အကြား ကျောင်းပြင်ပလူငယ်များကို လူငယ်ဦးရေ အချိုးကျဖြင့် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းတိတိ နှုန်းဖြင့် စုစုပေါင်းလူငယ်(၁၅၀)ဦးအတွက် ငွေကျပ် သိန်း(၁၅၀)တိတိကို ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထောက်ပံ့ကြေးပေးအပ်မယ့် လူဦးရေ ခွဲဝေစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွက် လူငယ်(၂၂)ဦးကို ငွေကျပ်(၂၂)သိန်းတိတိ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ပညာသင်စရိတ်ထောက်ပံ့ကြေးလျှောက်ထားသူ လူငယ်စုစုပေါင်း(၂၃)ဦး ရှိတဲ့အတွက် ကျန်ရှိတဲ့ လူငယ်(၁)ဦး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ကြေးများကို ငွေကျပ်(၁)သိန်းစီ ထပ်တိုးပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးအား ပေးအပ်၍ လည်းကောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးများကို အသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရသည်။




