အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတမြို့သို့ ရောက်ရှိပြီး မိုးလုံလေလုံ အားကစားရုံအတွင်း ကြမ်းခင်း ခင်းကျင်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးစေရေး၊ စံချိန်/စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးနိုင်စေရေးနှင့် အဆောက်အဦ ရေရှည်တည်တံ့စေရေးတို့အတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားကစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဌာနလုပ်ငန်းတာဝန်များ အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်ရှိ မြို့နယ်ဘောလုံးကွင်း များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ ခြုံနွယ်များရှင်းလင်းစေရေးအတွက် သန့်ရှင်းရေးများပုံမှန်ပြုလုပ်ပြီး ထိန်းသိမ်းဆောင်ရွက်သွားရန် နှင့် ဂိုးတိုင်များ၊ ဂိုးပိုက်များ စနစ်တကျ ပြန်လည်တပ်ဆင်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇလွန်မြို့နယ်ရှိ အားကစားခန်းမအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ခန်းမခေါင်းမိုး မိုးယိုနေမှုများအား အမြန်ဆုံး ပြုပြင်နိုင်ရေးနှင့် အားကစားရုံ သန့်ရှင်းသာယာလှပစေရေးနှင့် ရေရှည်တည်တံ့စေရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။