အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ကရင်ပြည်နယ် လူငယ်စင်တာ ဖွင့်ပွဲတက်ရောက်

ဘားအံ၊ ဇွန် ၁၁

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်၊ အားကစား၊ အနုပညာလှုပ်ရှားမှုများအပါအဝင် လူငယ်ရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် ၂၀၈၃ ဒသမ ၂၂၈ သန်းဖြင့် တည်ဆောက်ခဲ့သော (ပေ ၁၄၀x ပေ ၈၀) RC သုံးထပ် လူငယ်စင်တာ (Youth Center) ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအနီးရှိ အဆိုပါစင်တာရှေ့၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ကရင်ပြည်နယ်မှ အားကစားထူးချွန်လူငယ် နန်းသဲနုနုစံ၊ ကြက်ခြေနီ ကိုယ်စားလှယ် နန်းသင်းမြမြလှိုင်ထူး၊ ရေကြောင်းလူငယ်သင်တန်းမှ ထူးချွန်လူငယ် မင်းဦးငြိမ်း၊ ကင်းထောက်သင်တန်းသူ နန်းအံ့ဆုပြည့်ဝင်းနှင့် လူရည်ချွန်ကျောင်းသူ နန်းချောစုစုသိမ့်တို့က ကရင်ပြည်နယ်လူငယ်စင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးတို့က ကရင်ပြည်နယ် လူငယ်စင်တာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော လူငယ်မောင်မယ်ယဉ်ကျေးမှု ဒုံးအဖွဲ့များ၊ ဘင်ခရာ၊ ပန်းဖွားအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် လူငယ်စင်တာကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ကရင်ပြည်နယ်လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို အဆိုပါစင်တာ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ဘားအံတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများက လူငယ့်စွမ်းရည်သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် လူငယ်စင်တာကြီး ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် လူငယ်စင်တာကို အသုံးပြုကြမည့် ကရင်ပြည်နယ် အတွင်းရှိ လူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မိတ်ဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီသို့ အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဂီတအစည်းအရုံးနှင့် ဘားအံတက္ကသိုလ် ကျောင်းသား/ကျောင်းသူများက လူငယ့်အားမာန်တေးသီချင်း၊ အခြေခံပညာကျောင်းသား/ကျောင်းသူများက ဇာတိမာန်တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်စင်တာဖွင့်ပွဲအထိမ်းအမှတ်အလံနှင့် အမှတ်တရလက်ဆောင်ကို ဒုတိယဝန်ကြီးထံ ပေးအပ်၍ အခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကရင်ပြည်နယ် လူငယ်စင်တာရှိ ဘိလိယက်နှင့်စနူကာအားကစားခုံ၊ GYM ခန်းမနှင့် စားပွဲတင်တင်းနစ်အားကစားနည်းများတွင် လူငယ်များလာရောက်လေ့ကျင့်ကစားနေမှု၊ စာသင်ခန်း၊ အိမ်တွင်းမှုခန်း၊ အိပ်ခန်း၊ ဂီတခန်း၊ နားနေခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီခန်းများတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာရှင်၊ အတတ်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်အလိုက် လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် လူငယ်များ လေ့လာသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။