အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ကြီးဌာနအလိုက် နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ  တိုက်အမှတ် ၅၃၅၀၊ ၅၃၅၁ နှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၃၁၂၂ နှင့် ၃၃၉၉ တို့အား လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အဖွဲ့သည် ဇေယျသိဒ္ဓိရပ်ကွက် စံပယ်အိမ်ရာ တိုက်အမှတ် ၃၅ နှင့် ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၆၀၃၊ ၇၄၇၊ ၈၂၁ နှင့် ၈၂၂ တို့အား လည်းကောင်း အဖွဲ့များခွဲ၍ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေ၊ ရေ၊ မီးသုံးစွဲမှုအခြေအနေများ၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် အိမ်ရာ စည်းကမ်းများအတိုင်း နေထိုင်မှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အိမ်ရာများ အလိုက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေရာသီရောက်ရှိလာတော့မည်ဖြစ်၍ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးတားလမ်းများဆောင်ရွက်သွားရန်လိုကြောင်း၊ ပေါ့ဆ မီးများ မဖြစ်စေရန်အတွက် ကိုယ်စီသတိပြုနေထိုင်သွားရန်နှင့် တိုက်များတွင် ထားရှိထားသည့် မီးသတ်ဆေးဘူးများကို အသုံးပြု၍ ရ/မရ ပြန်လည်စစ်ဆေးပြီး တာဝန်ရှိသူများထံ သတင်းပို့ တင်ပြသွားရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ပိုးမွှားများ ပေါက်ဖွားနိုင်သည့် ရေအိုင်များတွင် ခြင်နှိမ်နင်းရေးအတွက် ကျန်းမာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက် သွားရန်နှင့် ရေဆင်းမြောင်းများအား ရေစီးရေလာကောင်းမွန်အောင် သန့်ရှင်းရေးများပြုလုပ်သွား ကြရန်လိုကြောင်း၊ ရေနှင့် မီးများ အဆင်ပြေစွာအသုံးပြုနိုင်ရေး အတွက် ပျက်စီးနေသည့် ရေလိုင်း၊ မီးလိုင်းများကို စနစ်တကျ ပြန်လည်ပြုပြင်တပ်ဆင် သွားရန်လိုကြောင်း၊ အိမ်ရာများတွင် ပေးပို့ ထားသည့် အိမ်ထောင်စုစာရင်းများအပြင် အခက်အခဲ တစ်စုံတစ်ရာကြောင့် ဆွေမျိုးသားချင်းများ လာရောက် တည်းခိုနေထိုင်လိုပါက တာဝန်ရှိသူများထံ သတင်းပို့တင်ပြ၍ ဧည့်စာရင်းတိုင်ကြား ပြီးမှသာ နေထိုင်သွားရန်နှင့် လုံခြုံရေးအသိထားရှိပြီး သတိပြုဂရုစိုက်နေထိုင်သွားရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ဖြင့် တိုက်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိ စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိသားစု သက်သာချောင်ချိရေး အတွက် မိမိတို့၏ အသုံးစရိတ်များ ချွေတာနိုင်စေရန် တိုက်ပတ်ဝန်းကျင်ရှိ မြေကွက်လပ်များတွင် တနိုင်တပိုင် သီးပင်စားပင်များကို ခွဲဝေစိုက်ပျိုးသွားရန်နှင့် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေး နိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြသွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။