အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဧပြီ ၄ ။
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ မိတ်ဖက်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဒဏ်သင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားသမားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ (Multipurpose Hall) ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် မတ်လ ၂၈ ရက်နေ့တွင် ၇.၇ စကေးနှုန်းဖြင့် လှုပ်ခတ်ခဲ့သည့် ငလျင် ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခံစားခဲ့ရသော်လည်း မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုများနှင့် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ အသက်ဘေးအန္တရာယ် မရှိဘဲ လွတ်မြောက်ခဲ့ပါကြောင်း၊ နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေအဆင်ပြေချောမွေ့ စေရေးအတွက် ယခုလို ထောက်ပံ့ငွေများ၊ အစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများကို လာရောက် လှူဒါန်းပေးပါသော အလှူရှင်များအား အထူးပင်မှတ်တမ်းတင်ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ ထောက်ပံ့လှူဒါန်းပေးသည့်ပစ္စည်းများကို သက်ဆိုင်သူများ၏ လက်ဝယ်သို့ရောက်ရှိအောင် ညီတူညီမျှ ချက်ချင်း ပြန်လည်ခွဲဝေပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အလှူရှင်များကိုယ်စား ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်က လှူဒါန်းပေးရခြင်းအကြောင်းအား ရှင်လင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ နှင့် မိတ်ဖက်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှ ထောက်ပံ့ လှူဒါန်းပေးအပ်သည့်ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီးနောက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် အသေးစားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသောလူနာများ သက်တောင့်သက်သာဖြင့် ဆေးကုသမှုများ ပြုလုပ်နိုင်စေရေးအတွက် နေပြည်တော်၊ ရွှေကြာပင်အားကစားရုံ၌ ယာယီဖွင့်လှစ်ထားသည့် ရွှေကြာပင် ယာယီဆေးကုသဆောင်သို့သွားရောက်၍ လူနာများအတွက် လေအေးပေးစက် (air conditioner) တပ်ဆင်ထားမှုများအား ကြည့်ရှုပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။




