အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု နှင့် QA/QC လုပ်ငန်း ၆ ခုအတွက် တင်ဒါဖွင့်ဖောက် စစ်ဆေးခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၁၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခုနှင့် Third Party (QA/QC) ငှားရမ်းခြင်းလုပ်ငန်း ၆ ခုအတွက် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိ Sports Complex ရှိ အလေးမအားကစားရုံတွင် ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တင်ဒါကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါလုပ်ငန်းများကို စိစစ်ရွေးချယ်ရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ နောက်ဆုံးထုတ်ပြန်ထားသည့် ညွှန်ကြားချက်တို့နှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ကြမ်းခင်းဈေးများနှင့် တိုက်ဆိုင်စစ်ဆေး၍ ကြမ်းခင်းဈေးအောင်မြင်သော ကုမ္ပဏီများကို စိစစ်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မတီမှရွေးချယ်ထားသူများအား အားကစား‌နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ရွေးချယ်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ အားကစားကွင်း/အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းများနှင့် Third Party (QA/QC) လုပ်ငန်းများမှာ အရေးကြီးလုပ်ငန်းများ ဖြစ်သောကြောင့် အားကစားသမားများနှင့် ပရိတ်သတ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် အရည်အသွေးကောင်းမွန်သော၊ ငွေကြေးခိုင်မာပြီး စိတ်ချရသောကုမ္ပဏီများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တင်ဒါကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး၊ ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေး ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။