အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော ဝန်ထမ်းသား/သမီးများကို မူလတန်းအား ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ၃၁၅ ဦး၊ အလယ်တန်းအား ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၁၁၄ ဦး၊ အထက်တန်းအား ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ၈၇ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၅၁၆ ဦးတို့အတွက် ငွေကျပ် ၉,၆၁၅,၀၀၀ (ကျပ်ကိုးဆယ့်ခြောက်သိန်း တစ်သောင်း ငါးထောင်တိတိ)ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိဘများသည် သား/သမီးများ၏ လက်ဦးဆရာများဖြစ်ကြောင်း၊ မိမိတို့၏ သား/သမီးများကို ထူးချွန်သူများ၊ အောင်မြင်သူများ၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်နိုင်မည့်သူများ ဖြစ်လာစေရန် ငယ်စဉ်ကတည်းက စနစ်တကျကိုင်တွယ် လမ်းညွှန်၍ သင်ကြားပြသပေးသွားရန် လိုကြောင်း၊ မိဘများအနေဖြင့် သား/သမီးများ စံနမူနာယူထိုက်သည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် ပြုမူပြောဆိုနေထိုင်ပြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်သည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ အားကစားနည်းအလိုက် နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ကာ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် မိဘများအနေဖြင့် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် သွန်သင်ပြသ သင်ကြားပေးသွားရန်လိုကြောင်း၊ ယခုခေတ်သည် ပညာခေတ်ဖြစ်ပြီး ပညာသည်သာလျှင် စစ်မှန်သည့် တန်ဖိုးဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် မိမိအတွက်၊ မိသားစုအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ထူးချွန်ထက်မြက်သည့် ပညာတတ်ကြီးများဖြစ်အောင် ဆက်လက် ကြိုးစားအားထုတ်သွားကြရန်တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဝန်ထမ်းသား/သမီး အထက်တန်းကျောင်းသား ၅ ဦးတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အထက်တန်းကျောင်းသူ ၅ ဦးတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အလယ်တန်းကျောင်းသား ၅ ဦးတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ အလယ်တန်းကျောင်းသူ ၅ ဦးတို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကလည်းကောင်း၊ မူလတန်း ကျောင်းသား ၅ ဦးတို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ မူလတန်းကျောင်းသူ ၅ ဦးတို့ကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်ကလည်းကောင်း ပညာသင်ထောက်ပံ့ကြေးငွေများကို အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ပြီးနောက် ကျောင်းသား/သူများကိုယ်စား အထက်တန်းကျောင်းသူ မနန္ဒာဝင်းရွှေက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။