![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မတ် ၂၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/ အမှုထမ်းများအနက်မှ အစည်းအဝေးများ၊ အခမ်းအနားများတွင် လိမ္မာပါးနပ်၍ ဖြတ်ထိုးဉာဏ်၊ အရည်အချင်းရှိပြီး ထူးချွန်ထက်မြက်သော၊ အသံကြည်လင်ပြတ်သားစွာဖြင့် ဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ၊ Multipurpose Hall(ဘက်စုံသုံးခန်းမ)၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအတွင်းရှိ အရာထမ်း/အမှုထမ်းများအနေဖြင့် မိမိတို့ဌာနအတွင်း ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ ပြိုင်ပွဲများ၊ အစည်းအဝေးများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် အခမ်းအနားမှူးများအဖြစ် တာဝန်ထမ်းဆောင် နိုင်ရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြား ပို့ချပေးမည့် သင်တန်းနည်းပြဆရာမ ဒေါ်သန်းသန်းဝင်းသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနတွင် နှစ်ပေါင်း(၃၄)နှစ်ကျော် တာဝန်ထမ်းဆောင်ပြီး အစီအစဉ်ကြေငြာခြင်း၊ အစီအစဉ်အသစ်များ ထုတ်လုပ်ဖန်တီးခြင်း၊ စာမူများရေးသားခြင်းနှင့် ယနေ့တိုင် အနာဂတ်မျိုးဆက်သစ် အခမ်းအနားမှူးများ စဉ်ဆက်မပြတ် ထွက်ပေါ်စေရေးအတွက် အခမ်းအနားမှူးသင်တန်းများကို ပို့ချပေးနေသူတစ်ဦးဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အခမ်းအနားမှူးတစ်ယောက် သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အသံနေ အသံထားမှအစ ကိုယ်ဟန်အနေအထားများ အားလုံးကို ဂရုတစိုက်မှတ်သားပြီး ကိုယ်ပိုင်အားလပ်ချိန်များတွင် အမြဲလေ့ကျင့်ဆောင်ရွက်သွားစေလိုကြောင်း၊ လေ့ကျင့်မှုများမှတဆင့် အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်လာပြီး မိမိဦးစီး ဌာနနှင့် ဝန်ကြီးဌာနအတွက် များစွာအကျိုးရှိသည့်အပြင် မိမိကိုယ်ကျိုးအတွက် ပြင်ပအခမ်းအနားများတွင် လိုက်ပါဆောင်ရွက်ခွင့်ရရှိလာမည်ဆိုလျှင် အသက်မွေးဝမ်းကြောင်းပညာ တစ်ရပ်အဖြစ် များစွာအကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးနှင့် အခမ်းအနားကြီးတစ်ခုလုံး ကို အစမှအဆုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်ပြီး အချိန်နှင့်တစ်ပြေးညီ မူလပုံမှန်အစီအစဉ်မှ ရုတ်ချည်းပြောင်းလဲသွားနိုင်မည့် အခြေအနေတစ်ရပ်ကို ရဲရဲဝံ့ဝံ့ ဖြေရှင်း သွားနိုင်မည့် အခမ်းအနားမှူးကောင်းများအဖြစ် မွေးထုတ်ပေးမည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အခမ်းအနားသို့ တက်ရောက်လာမည့်သူများအနက် နိုင်ငံခြားသားများပါရှိခဲ့လျှင် သုံးနှုန်းရမည့် အဆင့်အနေအထားအရ စကားအသုံးအနှုန်းများကို တစ်ပါတည်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်ကြားပို့ချပေးမည့် ဘာသာ ရပ်များကို ဂရုတစိုက် လေ့လာသင်ယူမှတ်သားပြီး ရုံး၊ ဌာနများ၏ အစည်းအဝေးများ၊ အခမ်းအနား ငယ်များတွင် အခမ်းအနားမှူးများအဖြစ် လေ့ကျင့်ဆောင်ရွက်၍ တဖြည်းဖြည်း ပိုမိုတည်ငြိမ် ရင့်ကျက်ပြီး အောင်မြင်သည့် အခမ်းအနားမှူးကောင်းတစ်ယောက် ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ သင်တန်းကာလ (၄)ရက်တွင် သင်တန်းနည်းပြဆရာမများအဖြစ် ဒေါ်သန်းသန်းဝင်းနှင့် လက်ထောက်နည်းပြဆရာမအဖြစ် ဒေါ်မိုးသီတာတို့က သင်တန်းသား/သင်တန်းသူ ၂၉ ဦးတို့အား နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ၊ Multipurpose Hall (ဘက်စုံသုံးခန်းမ)၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



