အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ အခြေခံစာကြည့်တိုက်သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ အသိပညာဗဟုသုတများ တိုးတက်ပြန့်ပွားအောင် စာအုပ်စာပေဖတ်ရှုလေ့လာခြင်းသည် အဓိကအရေးပါသည်ကို ပိုမိုသိရှိနားလည်လာစေရန်နှင့် စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို နားလည်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၏ အခြေခံစာကြည့်တိုက်သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် ချမှတ်ထားသော လူမှုရေးဦးတည်ချက်တွင် တတိယအချက်အနေဖြင့် ပါဝင်သည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အချက်သည် မိမိတို့ဝန်ကြီးဌာန၏ ဦးတည်ချက်များတွင်ပါရှိသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် လူငယ်များကို အဆိပ်အတောက်ဖြစ်စေသည့်စာပေများ မပါရှိစေရန် တည်းဖြတ်ထုတ်ဝေထားသည့် စာကောင်းစာမွန်များကို သိုမှီးထားရှိရာ စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် အရေးကြီးလှပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အတွေးအခေါ် ကောင်းပြီး IQ(Intelligence Quotient) ဉာဏ်ရည်မြင့်မားမှု၊ EQ(Emotional Quotient) စိတ်ဓာတ် တည်ငြိမ်ရင့်ကျက်မှု၊ SQ(Social Quotient) လူမှုဆက်ဆံရေး ကောင်းမွန်မှု၊ AQ(Adversity Quotient) အခက်အခဲအတားအဆီးများကို ကျော်လွှားနိုင်မှုကောင်းပြီး လူငယ်အားကစားထူးချွန်သူများမှတစ်ဆင့် အနာဂတ်တွင် မြန်မာ့အားကစားတိုးတက်ဖွံ့ဖြိုးအောင် စီမံခန့်ခွဲနိုင်သူများဖြစ်လာစေရန်အထိ အကျိုးရှိကြောင်း ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ခံများက Awareness အသိပညာပေးပြောကြားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအတွင်းရှိသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်သာမက ဌာနမှ အရာထမ်း/အမှုထမ်းများ၏ အသိပညာ တိုးတက်စေရန် စာဖတ်ခြင်းသည် အဓိကအရေးပါသည့်အတွက် အသိပညာဗဟုသုတများ ပြန့်ပွားစေရန်ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များသို့ စာအုပ်၊ စာစောင် များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် စာဖတ်ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲက “စာမတတ်သူသည် ထိုင်နေတဲ့သူနဲ့တူကြောင်း၊ စာတတ်ပြီး စာမဖတ်တဲ့သူမှာ ရပ်နေတဲ့ သူနဲ့ တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်တဲ့သူမှာတော့ လမ်းလျှောက်‌နေသည့်သူနဲ့တူကြောင်း” ဟူ၍ ထည့်သွင်းပြောကြားခဲ့ဖူးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/ အမှုထမ်းများသည် စာတတ်ပြီးသူများဖြစ်သည့်အတွက် လမ်းလျှောက်နေသည့်သူနှင့်တူအောင် နေ့စဉ် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်ပြန့်ပွားလာအောင် လေ့လာဖတ်ရှုမှတ်သားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုသင်တန်းတွင် စာကြည့်တိုက်စီမံခန့်ခွဲမှုဘာသာရပ်၊ ကတ်တလောက်လုပ်ငန်းဘာသာရပ်၊ မျိုးတူစုလုပ်ငန်းဘာသာရပ်နှင့် ရည်ညွှန်းလုပ်ငန်း ဘာသာရပ်များ ဖြစ်သည့် ဘာသာရပ်(၄)မျိုးတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေဖြင့်လည်း သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များကို ဂရုတစိုက် နာယူမှတ်သားပြီး မိမိတို့ တာဝန်ကျရာနယ်မြေဒေသများတွင် ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များကို နည်းစနစ်တကျ မှတ်တမ်းများထားရှိခြင်း၊ စာအုပ်၊ စာစောင်များကို ငှားရမ်းဖတ်ရှုလိုသူများ လွယ်လင့်တကူ ရှာဖွေငှားရမ်းရရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားခြင်းစသည့် စာကြည့်တိုက်လုပ်ငန်းများကို ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် စာဖတ်ကြသူများအချင်းချင်း အသိပညာအမြင်ခြင်း ဖလှယ်သည့် စာဖတ်ဝိုင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပပြီး အပြန်အလှန် ဆွေးနွေးစေခြင်းဖြင့် စာဖတ်ခြင်း၏ အနှစ်သာရကို ပေါ်လွင်စေကာ ဝန်ကြီးဌာနအတွင်းမှတဆင့် နိုင်ငံတော်အတွက် အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေနိုင်မည်ဖြစ် ကြောင်း၊ စာပေဆိုင်ရာ မြန်မာစကားပုံ ဖြစ်သည့် “စာအုပ်၊ စာပေ လူ့မိတ်ဆွေ” ဆိုသည့် စကားပုံလေးကို ရင်ထဲနှလုံးသားထဲ စွဲမြဲစွာသိုမှီးရင်း စာဖတ်ခြင်းဖြင့် မိမိဘဝသာမက လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုလုံး ငြိမ်းချမ်းသာယာဝပြောရေးကို အထောက်အကူပြုနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်သူများ ဖြစ်လာအောင် စာအုပ်စာပေကောင်း များကို လေ့လာဖတ်ရှုသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခြေခံစာကြည့်တိုက်သင်တန်း(၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းနည်းပြဆရာမ ဒေါက်တာဒေါ်နွယ်နွယ်မြင့်က သင်တန်းသား/သင်တန်းသူ(၃၁)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။