အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အမျိုးသားရေကူးကန်အား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ

ရန်ကုန်၊ မတ်လ (၆)ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့နယ် ၊ ဦးဝိစာရ လမ်းရှိအမျိုးသားရေကူးကန်သို့ရောက်ရှိရာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ကြိုဆိုကြပြီး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ၍ ရေကူးကန်အတွင်းရှိ ဆေးခန်း၊ အမျိုးသား/ အမျိုးသမီး အဝတ်လဲခန်း၊သန့်စင်ခန်း နှင့် ကလေးရေကူးကန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ၊ ဘဏ္ဍာရေးနှစ် အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ပုံငွေကျပ်(၂၄၁)သန်းဖြင့် ဆောင်ရွက်နေသော အမျိုးသားရေကူးကန် ရေသန့်စင် စက်ခန်းနံရံ ပြုပြင်နေမှု ၊ ရေသန့်စင်စနစ် Filter ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီးရေသန့်စင်နေအောင် ဆောင်ရွက်ရန်၊ နွေရာသီရေကူးသင်တန်းများ ဆက်လက်ဖွင့်လှစ်ရန် ရေကန်သပ်ရပ် သန့်ရှင်းနေအောင် ဆောင်ရွက်ရန် လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသား ရေကူးကန် (ဦးဝိစာရ)ဝင်းအတွင်းရှိ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် GYM အားကစားခန်းဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းတို့၌ နွေရာသီ အားကစားသင်တန်းတက်ရောက်နေသော သင်တန်းသား/ သင်တန်းသူများ၏ လေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အဆင့်မီ ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးကိစ္စများကိုဆွေးနွေးမှာကြားပြီးလိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ရုံးခန်း၌ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့် အမှုဆောင် များကို ရင်းရင်းနှီးနှီးတွေ့ဆုံရာ တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအပေါ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးမှ အဖွဲ့ချုပ်၌ ရှေ့ဆက် လက်ဆောင်ရွက်မည့် အစီအမံများ၊ မျိုးဆက်သစ် အားကစားသမားများ၊ နည်းပြများ၊ ဒိုင်များပေါ်ထွက်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များ ၊ ရေကူးကန်ထိန်းသိမ်းရေးကိစ္စရပ်များ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်ဆောင်ရွက်ရန်ကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဗဟန်း မြက်ခင်းတု ဘောလုံးကွင်းသို့လည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ် စလင်းဘောလုံးကွင်းသို့လည်းကောင်း ရောက်ရှိပြီး ဘောလုံးကွင်းပြင်ဆင်ထိန်းသိမ်းနေမှုများ၊ ပွဲကြည့်စင်ပြင်ဆင်မည့် လျာထားချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ စက်ဘီး၊ E -Sports ၊ ရိုးရာအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားစေရန် အဖွဲ့ချုပ်များ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ အောင်မြင်မှုရရှိရေး အတွက် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စများ ကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဆောင်ရွက်မည့် အစီအမံ များ၊ လိုအပ်ချက်များ တင်ပြဆွေးနွေးကြရန် ပြောကြားလိုကြောင်း ၊ ယခုအစည်းအဝေးတွင် တင်ပြချက်များကို စုစည်း၍အောင်မြင်မှုများ ရရှိရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အဖွဲ့ချုပ်များနှင့် မိသားစုပုံစံစိတ်ဓာတ်ဖြင့် ရင်းရင်းနှီးနှီးပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက မိမိတို့အဖွဲ့ချုပ်အလိုက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများ ၊ ရေတိုရေရှည် ဆောင်ရွက်မည့် အစီအမံများ၊ ပြိုင်ပွဲ၌ အောင်မြင်မှုရရှိအောင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများ အချိန်မီ တင်သွင်းသယ်ယူရရှိနိုင်ရေးကိစ္စရပ်များနှင့်လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် အိမ်ရှင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးရန်အချက်များ ၊ အဖွဲ့ချုပ်အလိုက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ၊ ပြိုင်ပွဲအတွေ့ အကြုံရရှိရေးအတွက် ပြည်တွင်း/ပြည်ပပြိုင်ပွဲများ၌ ယှဉ်ပြိုင်ရေးနှင့် ပူးတွဲလေ့ကျင့်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲအထောက်အကူ ပြုပစ္စည်းများ ပြည့်စုံစွာရရှိနိုင်ရေး ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။