အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၏ လူငယ်သင်တန်းကျောင်းများမှထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၏ လူငယ်သင်တန်းကျောင်းများမှ ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster(5), Building(4) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူငယ်သင်တန်းကျောင်းများမှ အားကစားထူးချွန်သည့် လူငယ်များအား ရွေးချယ်ရေး၊ သင်တန်းပို့ချရေး၊ နည်းပြဆရာများ စေလွှတ်သင်ကြားပေးစေရေးအတွက် လူငယ်သင်တန်းကျောင်းများ၏ တည်နေရာများအားစိစစ်ပြီး ရွေးချယ်ရေးအဖွဲ့များနှင့် နည်းပြများအားစေလွှတ်၍ ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အသီးသီး အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ဘော်လီဘော၊ ဘောလုံး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ရေကူးနှင့် ဝူရှူးအားကစားနည်းများအတွက် ဦးစားပေးရွေးချယ်၍ လေ့ကျင့်သင်ကြားပေးရန်နှင့် သင်ကြားပြသပေးမည့် နည်းပြများ၏ အုပ်ချုပ်မှု၊ နေထိုင်စားသောက်မှုကိစ္စရပ်များနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။