အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စိုးရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တစ်နိုင်ငံလုံးတွင်ရှိသည့် ကျောင်းသား/ကျောင်းသူ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊ လူငယ်များသည် မိမိတို့၏တန်ဖိုးမဖြတ်နိုင်သည့် လက်ရှိလူငယ်ဘဝကို တန်ဖိုးထားပြီး လမ်းမှားမရောက်အောင် မိမိကိုယ်ကို ထိန်းသိမ်းတည့်မတ်ရင်း ပညာပြည့်ဝ နှစ်လုံးလှသည့် လူတော်/ လူကောင်းများဖြစ်ရန် ယခုအချိန်ကတည်းက ကြိုးစားကြရန်လိုအပ်ကြောင်း၊ လူငယ်ဘဝကို တန်ဖိုးထားပြီး ပညာကိုကြိုးစားသင်ယူကာ ကျောင်းပြင်ပ ပညာများဖြစ်သည့် နိုင်ငံတကာနှင့် ပတ်သက်သော အထွေထွေဗဟုသုတများ၊ အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာဘာသာစကားများ ခေတ်မီတိုးတက်လာသည့် IT နည်းပညာအပါအဝင် အခြားသောနည်းပညာများကို မျက်ခြည်မပြတ် လေ့လာတက်ကျွမ်းအောင် ကြိုးစားကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လူငယ်ရေးရာအသိပညာပေးဟောပြောသည့် စာရေးဆရာ ဒေါက်တာအောင်စိုးကို ဂုဏ်ပြုလက်ဆောင်နှင့် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းအတွက် အလှူငွေအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများပေးအပ် လှူဒါန်းသည်။

ထို့နောက် စာရေးဆရာ ဒေါက်တာအောင်စိုးက “ လူငယ်နှင့်မိုဘိုင်းဖုန်းဂိမ်းအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး နေပြည်တော် လူငယ်ရေးရာတာဝန်ခံက ကျောင်းသား/ကျောင်းသူများကို ဉာဏ်စမ်းပဟေဠိ မေးမြန်းခြင်းနှင့် ဆုလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။