အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနတွင်း အခြေခံစာကြည့်တိုက်(၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနတွင်း အခြေခံစာကြည့်တိုက်(၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် စာကောင်းစာမွန်များကို သိုမှီးထားရှိရာ စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လွန်စွာအရေးကြီးသည့်အတွက် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် အချက်အတိုင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရေး၊ အသိပညာဗဟုသုတများ တိုးပွားအောင် လေ့လာရှာဖွေနိုင်စေရေးနှင့် စာအုပ်စာပေ လေ့လာဖတ်ရှုလိုစိတ်များ ဖြစ်ထွန်းလာစေရေးတို့အတွက် စည်းရုံးဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများ အသိပညာဗဟုသုတများ တိုးတက်ပြန့်ပွားအောင် စာအုပ် စာပေ ဖတ်ရှုလေ့လာခြင်းသည် အဓိကအရေးပါသည်ကို ပိုမိုသိရှိနားလည်လာစေရန်နှင့် စာကြည့်တိုက် ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို နားလည်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၌ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များတွင် ဝန်ထမ်းများသာမက ကျောင်းသား/ကျောင်းသူများပါစာအုပ်များကို လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင် စေရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသွားရန်နှင့် စည်းရုံးလှုံ့ဆော်ပေးသွားရန်လိုကြောင်း၊ လူငယ်လူရွယ်များနှင့် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာပြီး ဉာဏ်ရည်မြင့်မားသူများ၊ စိတ်ဓာတ်တည်ငြိမ် ရင့်ကျက်သူများ၊ လူမှု ဆက်ဆံရေးကောင်းမွန်သူများ၊ အခက်အခဲအတားအဆီးများကို ကျော်လွှားနိုင်ပြီး အတွေးအခေါ် ကောင်းမွန်သည့်သူများ ဖြစ်လာစေရန် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ယခု သင်တန်းမှ ရရှိလာသည့် အသိပညာများဖြင့် မိမိတို့ဝန်ကြီးဌာနအတွင်း ဖွင့်လှစ်ထားသည့် စာကြည့်တိုက် များကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စာကြည့်တိုက်ငယ်များ ဖွင့်လှစ်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်တင်ပြ ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ စာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်စာပေလှူဒါန်းပွဲများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက “စာမတတ်သူသည် ထိုင်နေတဲ့သူနဲ့တူကြောင်း၊ စာတတ်ပြီး စာမဖတ်တဲ့သူမှာ ရပ်နေတဲ့သူနဲ့တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်တဲ့သူမှာတော့ လမ်းလျှောက်‌နေသည့်သူနဲ့တူကြောင်း” ဆိုသည့် မိန့်ကြားချက်ကို မိမိတို့ စာကြည့်တိုက်ရှိရာ နေရာများတွင် ရေးသား ဖော်ပြချိတ်ဆွဲထားခြင်းဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို မီးမောင်းထိုးဖော်ပြရာ ရောက်မည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များကို ဂရုတစိုက်နာယူမှတ်သားပြီး စာကြည့်တိုက်လုပ်ငန်းများကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေ အဆိပ်အတောက်ကင်းသည့် စာအုပ်စာပေကောင်းများကို မပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းသွား ကြရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိဘဝသာမက လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုလုံး ငြိမ်းချမ်းသာယာ ဝပြောရေးကို အထောက်အကူပြုနိုင်သည်ဖြစ်၍ လူငယ်များ နေ့စဉ်စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးတက်ပြန့်ပွားစေရေးအတွက် စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလို ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/ သင်တန်းသူ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ လူငယ်များ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်နှင့် စာအုပ်စာပေကောင်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဌာနတွင်း အခြေခံစာကြည့်တိုက်သင်တန်း (၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းနည်းပြဆရာမ ဒေါက်တာ ဒေါ်နွယ်နွယ်မြင့်က သင်တန်းသား/သင်တန်းသူ(၃၁)ဦးတို့အား ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။