အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားအောင်မြင်မှုအဆင့်အတန်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်ကို တိုင်းတာလို့ရသည့်အတွက် မြန်မာ့အားကစား အောင်မြင်မှုရရှိအောင် အားလုံးဝိုင်းဝန်းပူပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခု အစည်းအဝေးတွင် တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ဌာနခွဲများအလိုက် မိမိတို့၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို တင်ပြပေးသွားရန်ပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျင်းပနိုင်ခဲ့မှုအခြေအနေ များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိမှု အခြေအနေများ၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ အားကစားကွင်း/အားကစားရုံအခြေအနေများ၊ အားကစားကလပ်များ ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်းအားထပ်တိုးခန့်အပ်ရာတွင် စာရင်းကိုင်၊ သုတေသန၊ ဆေးဘက်နှင့်အင်ဂျင်နီယာဝန်ထမ်းများကို ဦးစားပေးခန့်အပ်သွားမည်ဖြစ်ကြောင်း၊ နယ်မြေဒေသလုံခြုံရေးအရ ပြောင်းရွှေ့တာဝန်ပေးအပ်ရေးကိစ္စရပ်များနှင့် ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများကို နီးစပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တွဲဖက်တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းနှင့် ရာထူးတိုးမြှင့် ခန့်ထားရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အားကစားနည်းအလိုက် နည်းပြများကို နည်းပြ (မွမ်းမံ)သင်တန်းများ ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးထိန်လင်းက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဌာနဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများသည် အထောက်အကူပြုနိုင်သည့်အတွက် လွန်စွာအရေးကြီးကြောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲအနေဖြင့် သုတေသန လုပ်ငန်းများဆောင်ရွက်ရာတွင် မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရှိရန်လိုကြောင်း၊ ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်မှုများသည် ကဏ္ဍအလိုက်အရေးကြီးကြောင်း၊ မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ B.Sc(Sports) ဘွဲ့ရရှိထားသည့် ကျောင်းသား/ ကျောင်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်ပေးသွားရန်နှင့် မှတ်တမ်းထားရှိရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများက In-person ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများက Video Conferencing ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြောင်းသိရသည်။