အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အခြေခံအုတ်မြစ်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး အတွက် ဘက်စုံပညာရေးကဏ္ဍကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ ပညာရည်မြင့်မားရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးစသည့် လူငယ်ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးတည်ချက်များချမှတ်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးစေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ ချမှတ်ပြီး သက်မွေးပညာပေးသင်တန်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်လေ့လာရေးအစီအစဉ်များ စသည့်တို့အပြင် မသန်စွမ်းလူငယ်များ အပါအဝင် လူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းများ ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့သားကောင်း လူငယ်များ ဖြစ်လာစေရေးအတွက် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး နေပြည်တော်လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် “ အလိမ္မာ စာမှာရှိ” ဆိုသည့်အတိုင်း စာဖတ်ခြင်းသည် စာအုပ်များမှတဆင့် ကမ္ဘာကြီးကို ရှုမြင်နိုင်စေပြီး ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အမှား/အမှန်၊ အကောင်းအဆိုးကို ခွဲခြားနိုင်စေရန် စာအုပ်စာပေများကို ဖတ်ရှုလေ့လာသွားရန်လိုကြောင်း၊ ကျေးရွာစာကြည့်တိုက်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး စာဖတ်ခြင်းမှတဆင့် မိမိတို့၏ စိတ်ကူးအိပ်မက်များကို လက်တွေ့အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော နိုင်ငံ့အကျိုး အများပြည်သူအကျိုး၊ မိမိအမျိုးဘာသာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ရေနံ့သာ မောင်ကျော်ညွန့်က “ နေရာအလိုက်တန်ဖိုး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အကြည်စန်းထံသို့ အားကစားပစ္စည်းများနှင့် စာအုပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက စာရေးဆရာ ရေနံ့သာ မောင်ကျော်ညွန့်အား အမှတ်တရဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်အား သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ကျောင်းအုပ် ဆရာမကြီး၏ တင်ပြချက်အပေါ် လိုအပ်သည်များကို‌ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသားလူငယ်များအား လူငယ်ရေးရာ ဉာဏ်စမ်းပဟေဠိမေးခွန်း မေးမြန်းဖြေကြားသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပြီးနောက် ဖြေဆိုနိုင်သည့် ကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။